လက်ပံတောင်း ပဋိပက္ခ ဆက်ဖြစ် ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာရပြန်

လက်ပံတောင်း ပဋိပက္ခ ဆက်ဖြစ် ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာရပြန်
by -
မဇ္စျိမ

 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသရှိ ဆည်တည်းကျေးရွာဟောင်း ပိုင်ယာမြေများအတွင်း ကြေးနီ စီမံကိန်းဆောင်ရွက်နေသည့် ဝမ်ပေါင်ကုမ္ပဏီက ဒီဇင်ဘာ ၂၃ရက်တွင် ခြံစည်းရိုးခတ်ခြင်းကို တားမြစ်ရာမှ နှစ်ဦး သေနတ် ဒဏ်ရာရသည်ဟု ဒေသခံတို့ကပြောသည်။

"ဘာမှမပြောဘဲ စက်တွေနဲ့လာပြီး အခင်းတွေဖျက်ပြီးတော့ သံဆူးကြိုးတွေ ကာတယ်။ ဒါကို ကျွန်မတို့က တားတာပါ။ အဲလိုတားတာကို ရဲကသေနတ်နဲ့ ကျွန်မတို့ကိုပစ်တယ်။ တရုတ်တွေက တူနဲ့ထုပြီး ဝိုင်းကန်ဝိုင်းရိုက်ကြတယ်။ ကျွန်မတို့ ပြည်သူဘက်မှ တရားဥပဒေ မရှိတော့ဘူး" ဟု ဆည်တည်းရွာဟောင်းနေ ဒေါ်ပြံုး ကပြောသည်။

၎င်း၏ အဆိုအရ ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်လူမျိုး ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာများရရှိကြောင်း သိရသည်။ ယင်းသည် ယမန်နေ့က စတင်သော ပဋိပက္ခများအတွင်း ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးမှုအပြီး ထပ်မံထိခိုက်ခြင်းဖြစ်သည်။

ဒဏ်ရာရသူတို့ကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ရန် မုံရွာမြို့၊ ချမ်းသာကြီးကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏသိဒ္ဓိနှင့် ဒေသအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများက စီစဉ်နေကြသည်။

"ဘုန်ကြီးအနေနဲ့ကတော့ ဘာမှကိုမပြောချင်တော့ဘူး။ ဒဏ်ရာရတဲ့ သူတွေ ဒုက္ခမရောက်အောင် ဆေးရုံ ပို့ဖို့ပဲစီစဉ်နေတယ်" ဟု ဆရာတော် ဦးဝဏ္ဏသိဒ္ဓိက မိန့်သည်။

အဆိုပါဒေသအတွင်း လုံခြံုရေးယူထားသော ရဲတပ်ဖွဲ့က စီမံကိန်းအတွင်း ပါဝင်နေသော ကျေးရွာများကို မဖယ်ရှားလျှင် မီးရှို့မည်ဟု သတင်းလွှင့်ထား၍ အိမ်ထောင်ပစ္စည်းများ သက်ကြီးရွယ်အိုများကို နီးစပ်ရာနေရာများသို့ ပြောင်းရွှေ့နေရသည်ဟု လာရောက်ကူညီနေသည် တုံရွာဒေသခံ ကိုသိန်းဇော်က ပြောသည်။

"ကျွန်တော်တို့မနက်ကတည်းက ရွှေ့ပေးနေတယ်။ ရွာကတော့ လူတွေပဲကျန်တော့တယ်။ အကုန်ရွှေ့ပြီးနေပြီ၊ မီးမရှို့ဘူးလို့ မပြောနိုင်ဘူး" ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းကမူ "ရွာကို မီးနဲ့ရှို့မယ်လို့ပြောတာမရှိပါဘူး။ ရွှေ့နေတာကတော့ သူတို့သဘောပါ။ ကျွန်တော်တို့ကတော့ လုံခြံုရေးဆက်ယူသွားမယ်" ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါ ဒေသအတွင်း ကြေးနီတူးဖော်ရေး စီမံကိန်းနှင့် မလွတ်ကင်းသော ကျေးရွာများကို ဝမ်ပေါင် ကုမ္ပဏီက ရွာသစ်တည် လျော်ကြေးပေးမှုများ ပြုလုပ်သော်လည်း ဒေသခံအချို့က ယင်းကို လက်ခံထားခြင်းမရှိပေ။

သို့သော် လျော်ကြေးယူမထားသည့် မြေယာများအတွင်း ကုမ္ပဏီက ခြံစည်ရိုးခတ်ခြင်းများ ဆောင်ရွက် လာသဖြင့် တားမြစ်ရခြင်းဖြစ်သည် ဟု ဒေသခံတို့ကပြောသည်။ ဝမ်ပေါင်ကုမ္ပဏီကမူ ဒေသခံတို့နှင့် ပဋိပက္ခများကို စိတ်မကောင်းဖြစ်ရပြီး လုပ်ငန်းများကို ဥပဒေဘောင်အတွင်းက ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ဒေသခံတို့ကမူ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု များကြောင့် လျော်ကြေး မယူထားသော မြေများတွင် စိုက်ပျိုးထားသည့် ယာခင်းများပျက်စီးသွားသည်ဟုဆိုသည်။

အဆိုပါနေရာတွင် လုံခြံုရေးယူထားသော ရဲအရာရှိတစ်ဦးကမူ ရွှေလှေကျေးရွာနှင့် တုံရွာအထိ ခြံစည်းရိုးများ ခတ်ရန် ကုမ္ပဏီက ရည်ရွယ်ထားသည်ဟု ဆိုသည်။ သေနတ်ပစ်ခတ်မှုများနှင့် စပ်လျဉ်း၍မူ ရဲတပ်ဖွဲ့က အတည်ပြုရန် ငြင်းဆန်သည်။

“ပစ်တယ်မပစ်တယ် မပြောနိုင်ဘူး။ သေနတ်မှန်လို့သေတယ် ဟုတ်မဟုတ်ကလည်း စစ်ဆေးရဦးမယ်။ သေတဲ့သူကို မကြည့်ရသေးဘူး။ စစ်ဆေးပြီးမှ ပြောနိုင်မယ်"ဟု စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး က ပြောသည်။

ပဋိပက္ခဖြစ်ပွားရာနေရာသို့ မန္တလေးနှင့် ရန်ကုန်မှ ဘဝအလင်းဆရာတော် ဦးသောဘိတ၊ ဦးသိက္ခဉာဏနှင့် ရွှေညဝါဆရာတော် ဦးပညာသီဟတို့ လာရောက်ဖြန်ဖြေခြင်း၊ ဒဏ်ရာရသူတို့ ဆေး ကုသနိုင်ရန် ကူညီခြင်းတို့ လုပ်ဆောင်နေကြသည်။

ဘဝအလင်းရောင် ဆရာတော် ဦးသောဘိတမှ "အခုချိန်ထိ ဆည်တည်းရွာထဲကို ဝင်ဖို့ခက်နေတယ်။ ဒဏ်ရာရတဲ့လူတွေကုပေးဖို့ ဆရာဝန်ရော ဆေးရော ပါတယ်။ရောက်အောင်သွားမယ်"ဟု မိန့်သည်။

ဆရာတော် ဦးသိက္ခဉာဏက" ကုမ္ပဏီကိုလည်း ဆက်မလုပ်ဖို့တားနေတယ်။ တားရုံပဲတတ်နိုင်တယ်။ ရွာသူရွာသားတွေကိုလည်း ဇွတ်ဒရွတ်မလုပ်ဖို့ ထိန်းနေရတယ်"ဟု မိန့်သည်။

ယင်းအရေးပြေလည်စွာဖြေရှင်းပေးရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန် တိုက်တွန်းသည်။

အဆိုပါဒေသအတွင်း တရုတ်ကုမ္ပဏီ ၀မ်ပေါင်နှင့် တပ်မတော်ပိုင် မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်တို့ ပူးတွဲ အကောင်အထည်ဖော် သည့် ကြေးနီစီမံကိန်းကို ယခင်ကတည်းက ဒေသခံတို့ အပြင်းအထန်ကန့် ကွက်နေခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ရက် နံနက်လင်းအားကြီးအချိန်၌ ယင်းအရေး ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းရာမှ သံဃာနှင့် ဒေသခံအများအပြား မီးလောင်ဒဏ်ရာများ ရရှိဖူးသည်။