မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာစျေး (ကျောက်ဝိုင်း) မပြောင်းရွေ့ရေးအတွက် အလွှာပေါင်းစုံ မှ ကျောက်သမား ဦးရေ သောင်းချီပါဝင်သည့် ဆန္ဒပြပွဲကို ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲအတွက် လူဦးရေ လေးသောင်း တရားဝင် ခွင့်ပြုခဲ့သော်လည်း ဘေးမှ ဝန်းရံသူများဖြင့် သိန်းဂဏန်းနီးပါး ရှိခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဝန် ဦးအောင်မောင်းသည် အမရပူရမြို့နယ်အတွင်း ရှိ ဆင်ရွာမြင်းမူကျေးရွာတွင် တည်ဆောက်ပြီးစီး နေသည့် ကျောက်မျက်ရတနာအဆင့်မြင့်စျေးသို့ မဟာအောင်မြေ ကျောက်မျက်ရတနာစျေး (ကျောက်ဝိုင်း) ကို ပြောင်းရွေ့ရမည်ဟု ဒီဇင်ဘာ ၁၃ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ကို ဆန္ဒပြခြင်း ဖြစ်သည်ဟု မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြင့်တင်ရေး ကော်မတီ ပြန်ကြားရေးမှ ဦးထူးထူးက မဇ္စျိမကို ပြောသည်။
“ပြည်သူတွေသိအောင်၊ မြို့တော်ဝန်သိအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့သိအောင် ဒီလိုလုပ်ရခြင်းဖြစ်ပါ တယ်။ ကျွန်တော်တို့ ဒီလိုလုပ်တာက ၀ိုင်းသစ်ကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဝိုင်းသစ်တွေလုပ်ပါ။ သို့သော် လက်ရှိ ရှိပြီးသားဝိုင်းကို ဖျက်ပြီးတော့ ဝိုင်းသစ်ကိုရွေ့ရမယ် ဆိုတာကတော့ တရားနည်လမ်းမကျဘူး" ဟု ဦးထူးထူးကပြောသည်။
အဆိုပါ မဟာအောင်မြေ ကျောက်မျက်ရတနာစျေး (ကျောက်ဝိုင်း) ဆိုင်ခန်းပေါင်း ၁၁၁၇ ခန့်နှင့် ပျံကျ ကျောက်ဝိုင်းဆိုင်ပေါင်း ၁၀၀၀ ကျော်ခန့် ရှိပြီး နေ့စဉ် ကျောက်သမားအလွှာစုံ တစ်သိန်းကျော် မှီခိုလုပ်ကိုင်နေကြသည်ဟုဆိုသည်။
“မဟာအောင်မြေကျောက်ဝိုင်းက စည်ပင်ပိုင်တဲ့မြေဖြစ်ပါတယ်။ စည်ပင်မြေကို အစိုးရက ပိုင်ပါတယ်။ အစိုးရကို ပြည်သူကပိုင်ပါတယ်။ အခုရောက်ရှိ လာတဲ့လူထုရဲ့ ကိုယ်စား မန္တလေးမြို့တော်ဝန်ဦးအောင်မောင်း ကို ပြောချင်ပါတယ်။ ကျောက်ဝိုင်းကိုမပြောင်းပါနဲ့၊ လက်ရှိကျောက်ဝိုင်းကို အဆင့်မြှင်တင်ပေးပါ။ ကျွန်တော်တို့က စောင့်ကြည့်သွားပါမယ်" ဟု ကျောင်ဝိုင်းအဆင့်မြင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းကပြောသည်။
မဟာအောင်မြေကျောက်ဝိုင်း မပြောင်းရွှေ့ရေးနှင့် အဆင့်မြှင့်တင်ရေး တရားဝင်ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၉ နာရီခန့်တွင် ကျောက်ဝိုင်းအနောက် ပေါက်မှ စတင်ကာ ယင်းမှ ၄၁ လမ်းမှ ၈၄ လမ်းအတိုင်း ၃၈ လမ်း၊ ၃၈ လမ်းမှ ဦးပေစိဘုရား မျက်နှချင်းဆိုင်ကွင်းအထိ လမ်းလျောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။