မန္တလေးတိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများကို တိုင်းရုံးတွင် အင်တာနက်စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း အဆင်မပြေ၍ ရိုးရိုး ကွန်ပျူတာစနစ်ကိုသာ အသုံးပြုတော့ မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော်က မဇ္ဈိမကို ပြောသည်။
“အွန်လိုင်းစနစ်နဲ့ မရတော့တဲ့အတွက် ရိုးရိုးစနစ်နဲ့ ပြုလုပ်ပေးမှာ ဖြစ်တယ်။ တိုင်းရုံးမှာ မိန်းဆာဗာ တစ်ခုထားပြီး ကျန်မြို့နယ်တွေက အချက်အလက် သိုလှောင်မှုနဲ့ ပေးပို့တဲ့စနစ်ကို အသုံးပြုမှာဖြစ်တယ်။ အခုစ တင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မှတ်ပုံတင်ပြုလုပ်ရာတွင် အိမ်တိုင်ရာရောက်အကြောင်းကြားသည့်စနစ်ကို လက်ရှိအချိန်အထိ မန္တလေး တိုင်းအတွင်းတွင် သာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အောင်မြင်မှုရရှိမှသာ အခြားနေရာများသို့ အဆင့်ဆင့်တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
“အိမ်ထောင်စု ဇယားပုံစံ ၁၀ တွေကို ကွန်ပျူတာထဲထည့်ပြီး မှတ်ပုံတင်လုပ်ဖို့ လိုအပ်တဲ့သူတွေကို အချက်ပြတဲ့စနစ် စတင်အသုံးပြု တာ ဖြစ်တယ်။ အချက်ပြလာတဲ့ သူတွေကို အိမ်တိုင်ရာရောက် စာပို့အကြောင်းကြားသွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုကဲ့သို့ အသိပေးသော်လည်း လာရောက် ပြုလုပ်ရန် ခက်ခဲသည့်သူများအတွက်လည်း မှတ်ပုံတင်ကို အိမ်တိုင်ရာရောက်ထိုက်သင့်သော အခကြေးငွေကို ပေးဆောင်စေပြီး ဆောင်ရွက်ပေးရန်လည်း စီစဉ်ထားရှိသည်ဟု ဆိုသည်။
မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ ၁၅ ရက်မှစတင်ပြီး မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ရာ ချမ်းမြသာစည်မြို့နယ်တွင် ၉၃ ဦး၊ အောင်မြေသာစံ မြို့နယ်တွင် ၄၀ဦး၊ အမ ရပူရမြို့နယ် ၁၂၀ ဦးတို့ကို အကြောင်းကြားပေးခဲ့ ပြီးဖြစ်သည်ဟု ဆိုသည်။