ကျောင်းတိုင်းတွင် ကျောင်းသားယူနီယံ ဖွဲ့စည်းမည်ဆိုပါက ကျောင်းသားများ၏ ဆန္ဒအတိုင်း ဖြစ်စေမည်ဟု အဆင့်မြင့် ပညာဦးစီးဌာန အောက်မြန်မာပြည် ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ပညာရေး ဝန်ကြီးဌာနအောက်ရှိ ပညာရေးအသိုင်းအဝိုင်းက ကျောင်းသားယူနီယံ၊ ကျောင်းသားများ အဖွဲ့အစည်းဟူ၍သာ ခေါ်ဝေါ်သုံး စွဲနေသော်လည်း ခေတ်အဆက်ဆက်ကျောင်းသားဟောင်းများနှင့် လက်ရှိ ကျောင်းသားများကမူ သမဂ္ဂဟူသော အသုံးအနှုန်းကိုသာ လက်ခံသုံးစွဲနေဆဲခြင်းကြောင့် အဆိုပါ စကားရပ်အပေါ်တွင်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပြင်ပ ပညာရေး အသိုင်းအဝိုင်းအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
သမဂ္ဂဆိုသည့် အသုံးအနှုန်းကို တားမြစ်ထားခြင်းသည် လက်ရှိ ကျောင်းသားနှင့် သမိုင်းအဆက်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၁၉၆၂ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်ခဲ့သူ စာရေးဆရာ ဝင်းထွဋ်ဇော်က မဇ္စျိမသတင်းစာမှ တစ်ဆင့် ဝေဖန်ပြောကြားခဲ့ဖူးသည်။
ကျောင်းသား သမဂ္ဂများသည် မြန်မာ့လွတ်လပ်ရေးနှင့် တပ်မတော်ပေါ်ပေါက်လာရန် သန္တေတည်ခဲ့သည့် အဖွဲ့အစည်းများဖြစ်ပြီး သမဂ္ဂဆိုသည့် အသုံးအနှုန်းအပေါ် ဒီမိုကရေစီသို့ ချီတက်နေသည့် အစိုးရအနေဖြင့် ကြောက်စရာမလိုဟုလည်း ၎င်းက ထောက်ပြဝေဖန်ခဲ့သည်။
အမျိုးသားပညာရေး နည်းဥပဒေ ရေးဆွဲရာတွင် ကျောင်းသား သမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေး အတွက် ထည့်သွင်းပြင်ဆင်ရေး ဆွဲမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ရက်အထိ ရန်ကုန်တက္ကသိုလ်စိန်ရ တုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေကြမ်းများ ရှင်းလင်းခြင်း နှင့် အမျိုးသားပညာရေးစီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ပညာရှင် ၃၉၃ ဦးမှ ပြင်ဆင်ထည့်သွင်း ရေးဆွဲမည်ဟု ဦးဇော်ဌေးက ဆိုသည်။
ဦးဇော်ဌေးက “ကျောင်းသားယူနီယံ ဖွဲ့စည်းရင် အားလုံးကို ကျောင်းသားတွေရဲ့ ဆန္ဒအတိုင်း ဖြစ်စေရပါ မယ်။ ကျောင်းသားတွေက ယူနီယံဖွဲ့စည်းဖို့ ရွေးကောက်တင်မြောက်ကြရမယ်။ ရွေးကောက်ခံလူ က ကျောင်းသားယူနီယံမှာပါရမယ်။ ဒါတွေဟာ တက္ကသိုလ်အလိုက် ပဋိညာဉ်တွေ ပေါ်လာပြီးရင် အဲ့ဒီအပေါ်မှာ လွတ်လပ်ခွင့်ရကြမှာဖြစ်ပါတယ်"ဟု ပြောသည်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်သားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲဇာနည်ထွန်းက “ပညာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေပြောတဲ့ ယူနီယံဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ကျွန်တော်တို့ကတော့ ရှေးစဉ်ဆက်ကရှိတဲ့ သမိုင်းကြောင်းအရ အထင်ရှားရှိတဲ့ သမဂ္ဂဆိုတာကိုပဲ သုံးနှုန်းမယ်။ လွတ်လပ်စွာ သုံးနှုန်းခွင့် ပေးပေး၊ မပေးပေး သမဂ္ဂကိုပဲ သုံးနှုန်းမယ်"ဟု ပြောသည်။
အမျိုးသားပညာရေးဆိုင်ရာ ကဏ္ဍအလိုက်ဥပဒေ (မူကြမ်း)များ ရှင်းလင်းခြင်းနှင့် အမျိုးသားပညာရေး စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလာဒ်များနှင့် အမျိုးသားပညာရေး နည်းဥပဒေတွင် ပါဝင်မည့် အချက်များ၊ အမျိုးသားဥပဒေနှင့် ဆက်စပ် ဥပဒေ ခြောက်ခုအား ဆွေးနွေးမှု ရလာဒ်များကို တက္ကသိုလ်အသီးသီးသို့ ပေးပို့မည်ဖြစ်ပြီး တတ်ရောက်လာသည့် ပညာရှင် ၃၉၃ဦးမှ အများက သဘောတူညီမှုရရှိပါက ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းထံ တင်ပြမည်ဖြစ် သည်။ ထိုမှတဆင့် ထိုဥပဒေများ အများပြည်သူသို့ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန်ပေးခြင်း၊ လွှတ်တော်သို့ ပေးပို့ခြင်းနှင့် ရှေ့ဆက်လုပ်မည့် ပညာရေး စီမံကိန်းများ ချမှတ်မည်ဟု ဦးဇော်ဌေးက ဆိုသည်။
ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်လွင်က “ကျောင်းသားယူနီယံ ဖွဲ့စည်းခွင့်ပေးမယ်။ ဒါတွေက တက္ကသိုလ်တက္ကအလိုက် ပဋိဉာဉ်ပေါ်မှာ မူတည်နေပါတယ်။ ရေးဆွဲတဲ့အပိုင်းမှာ အုပ်ချုပ်မှုနဲ့ လွတ်လပ်စွာစီမံခွင့်ဖြစ်ပါတယ်။ ဘာတွေ အဓိက ပါလဲဆိုရင် တက္ကသိုလ်ကောင်စီ၊ အုပ်ချုပ်မှု အဖွဲစည်းတွေ၊ ဆရာ/မများ အသင်းတွေ၊ ဆရာဟောင်းများ အသင်း၊ ကျောင်းသားယူနီယံတွေ ဖြစ်ပါ တယ်။ ကျောင်းသား ယူနီယံက ကျောင်းသားများ၏ အခွင့်ရေး၊ အရေးကိစ္စတွေ၊ ပါ၀င်မှာဖြစ်ပါတယ်"ဟု ပြောသည်။
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း (ပြင်ဆင်ပြီး)၏ အခန်း ရ ပုဒ်မ၂၃၊ ပုဒ်မခွဲငယ်(ဋ)တွင် တက္ကသိုလ် ကျောင်းသားများနှင့် သက်ဆိုင်သော ကိစ္စရပ်များ ဆောင်ရွက်ရန် ကျောင်းသားများ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတက္ကသိုလ် အတွင်း ကျောင်းသားများအဖွဲ့ ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာတက္ကသိုလ်၏ ပဋိညာဉ် စာတမ်းနှင့် အညီ ဆောင်ရွက်နိုင်သည်ဟု ပါရှိသည်။
ပညာရေးဝန်ကြီးဌာန၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရေး အသိုင်း အဝိုင်းအချို့ပါဝင်သည့် အလုပ်အဖွဲ့ ၁၈ ဖွဲ့က ဦးဆောင်ရေးဆွဲခဲ့ သည့် အဆင့်မြင့်ပညာရေးဥပဒေကြမ်း (ပထမ)တွင် ကျောင်းသားများနှင့် ဆရာ/မများ သမဂ္ဂနှင့် အဖွဲ့အစည်းများကို အခန်း (၉) ပုဒ်မ-၃၆အရ သမဂ္ဂနှင့် အဖွဲ့အစည်း ဟူသော အသုံးအနှုန်းအစား အစည်းအရုံးဟုသာ သုံးစွဲရမည်ဟု သတ်မှတ်ပြဌာန်းရန် ထည့်သွင်း ထားခဲ့ခြင်းဖြစ်သည်။