မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနီး လျှို့ဝှက် သယ်ဆောင်လာသော ဓာတုဆေးရည်ပုံး ၂၄၀ ဖမ်းဆီးရမိ

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနီး လျှို့ဝှက် သယ်ဆောင်လာသော ဓာတုဆေးရည်ပုံး ၂၄၀ ဖမ်းဆီးရမိ
by -
မဇ္စျိမ

 ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များ အောက်၌ လျှို့ဝှက်သယ်ဆောင်လာသော ဓာတုဆေးရည်များ ထည့်ထားသည့် ငါးဂါလံဝင် ပလတ်စတစ် ပုံးပေါင်း ၂၄၀ ပုံး၊ အလေးချိန် ၅၇၆၀ ကီလိုဂရမ်ကို ဒီဇင်ဘာ ၆ ရက်တွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team) မှ ဖမ်းဆီးရမိခဲ့သည်ဟု ယင်းဌာနမှ သတင်းထုတ်ပြန်သည်။

သိမ်းဆည်းရမိသော ဓာတုဆေးရည်များကို မူဆယ်မြို့ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနသို့ ပေးပို့၍ အသေးစိတ် စစ်ဆေးရာတွင် မူးယစ်ဆေးချက်ရာတွင် အသုံးပြုသော ဓာတုဆေးရည်ဖြစ်သည့် (Phenyl Propanone) ဖြစ်ကြောင်း အတည်ပြုပြီးနောက် အကောက်ခွန်ဌာနသို့ အမှုတွဲဖွင့်လှစ်၍ လွှဲအပ်ခဲ့ကြောင်း မိုဘိုင်းတင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Thai-Myanmar-border-Myawaddy

"မြေပြင်သတင်းအရ မှုဆယ်(၁၀၅)မိုင်ဇုန်အနီးက မူဆယ်-လာရှိုး ပြည်ထောင်စုလမ်းမကြီးမှာ ဒုညွှန်မှူး ဦးမိုးဇော်ဦး ဦးဆောင်တဲ့ မူဆယ်(၁၀၅)မိုင် မိုဘိုင်းတင်းအဖွဲ့ကနေ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာ။ ဒီနှစ်ထဲမှာ ဒီလိုမျိုး ဆေးရည်သယ်တာတွေ ဖမ်းမိတာ တော်တော်များတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဓာတုဆေးရည်များအား တားဆီးရာ၌ လိုင်စင်တွင် ဖော်ပြထားသည့် အရေအတွက်နှင့် ID ဖော်ပြထားချက်များ ကွဲလွဲနေသည့် စာသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများပါ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“ဒီနှစ် ၂၀၁၄ ထဲမှာ ဖမ်းဆီးရမိတဲ့ ဓာတုဆေးရည် ၂၀ လီတာဆန့်တဲ့ ပုံးပေါင်း ၂၂၃ ပုံးနဲ့ အလေးချိန် ၄,၇၁၅ ကီလိုဂရမ် ဖမ်းမိထားသေးတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဖမ်းဆီးရမိသည့် ဓာတုဆေးရည်များမှာ ခန့်မှန်းအရေအတွက် ၂၀ လီတာဆန့် ပုံးပေါင်း ၃၀၀ နီးပါးရှိပြီး ခန့်မှန်းတန်ဖိုး မသိရှိသေးကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လုံခြံုရေးအင်အားများ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်ပေး လျက်ရှိရာ သာမန်အနေအထားအရတွင် လုံခြံုရေးအင်အား လုံလောက်မှုရှိသော်လည်း ထူးခြားဖြစ်စဉ်များနှင့် ကြံုတွေ့ရပါက လုံခြံုရေးအင်အား လိုအပ်ချက်များ ရှိနေသေးသည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဆိုသည်။

Most read this week