ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနုပညာရှင်များနှင့် တွေ့ဆုံမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းသည် အာဏာရ အစိုးရ၏ ဝါဒဖြန့်ချိရေး၊ မဲဆွယ်စည်းရုံးရေးအတွက်မဟုတ်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဇာတ်လမ်းများ၊ သီချင်းများဖြင့်ရွေးကောက် ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ပေးပို့ရန် စီစဉ်ခြင်းဖြစ်ပြီး အနုပညာရှင်များကို အသုံးချ၍ မဲဆွယ်စည်းရုံးခြင်း မဟုတ်ဟု ၎င်းက ဆိုသည်။
စစ်အစိုးရလက်ထက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်တာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်အေးက “မဲဆွယ်စည်းရုံးဖို့ တွေ့တာ မဟုတ်ဘူး၊ စည်းရုံးစရာလည်း မလိုဘူး၊ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် လုပ်တာ၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်မယ်” ဟု ပြောသည်။
ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင်ပြုလုပ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်၊ အနုပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအတွင်းပြောခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးက “ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်ပါပြီ၊ အရင်လိုဝါဒဖြန့်တဲ့ ဟာတွေ တစ်ဖက်လှည့်နဲ့ လုပ်လို့မရတော့ပါဘူး” ဟု သုံးသပ်သည်။
လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ၂၀၁၅ ဇူလိုင်လတွင် အပြီးသတ်ရန် လျာထားသည်။
ကော်မရှင်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လူမှုအခြေပြုအဖွဲ့ အစည်းများ၊ အနုပညာရှင်များ၏ အင်အားဖြင့် ပြည်သူလူထုသို့ အသိပညာပေးခြင်း၊ နှိုးဆော်ခြင်းလုပ်ငန်းများကို ပူးပေါင်း လုပ်ကိုင်ရန်စီစဉ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပပေးမည်ဟု ယခုနှစ် စက်တင်ဘာအတွင်း ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
ဦးတင်အေးသည် စစ်အစိုးရဦးစီး ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမတ်အဖြစ် လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးကို ကိုယ်စားပြု၍ ရွေးကောက်ခံရသူဖြစ်သည်။ သမ္မတဦးသိန်းစိန် (ထိုစဉ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ) က ၎င်း ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်း ဖြစ်သည်။
ဦးတင်အေးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်သည့် ၂၀၁၂ ခုနှစ်၊ကြားဖြတ်ရွေးကောက်ပွဲကို ကြီးကြပ်ဖူးသည့် အတွေ့အကြံုရှိသည်။