တစ်နိုင်ငံလုံးမှ ကျောင်းသားထုအရေး ကာကွယ်ရန်နှင့် ကျောင်းသားသမဂ္ဂအဆောက်အအုံ မူလနေရာ၌ ပြန် လည် ပေါ်ပေါက်လာစေရန် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဒီဇင်ဘာလ ၁၆ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ ဒုတိယနှစ် နှင့် ဘွဲ့လွန်တက်ရောက်နေသော ကျောင်းသူ/ကျောင်းသား ၁၇ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ထိုသမဂ္ဂကို လွတ်လပ်သော ကျောင်းသားများ သမဂ္ဂအဖြစ် ခိုင်မာစွာ ရပ်တည်ရေး၊ ကျောင်းသားထုအရေး ကာကွယ်စောင့်ရှောက်ရန်နှင့် တန်းတူညီမျှရရှိရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များ မြန်မာနိုင်ငံ၌ ထွန်းကားလာရေး၊ တာဝန်နှင့်ဝတ္တရား သိတတ်သောစိတ်ကို တက္ကသိုလ် ကျောင်းသားများ၏ စိတ်သန္တာန်၌ ဖန်းတီးပေးနိုင်ရေး၊ အပြန်အလှန်လေးစားခြင်းကို အခြေခံသော စည်းလုံးညီညွှတ်သည့် ကျောင်းသားအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေးတို့ကို အကောင်အထည်ဖော်ရန် မူဝါဒ ချမှတ်မည်ဖြစ်ပြီး အန္တိမရည်မှန်းချက်အဖြစ် ကျောင်းသားသမဂ္ဂ အဆောက်အအုံမူလနေရာ ၌ ပြန်လည်ပေါ်ပေါက်လာစေရန်ဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ (ယာယီ) မအိဆွေမြတ်က ဆိုသည်။
“ကျောင်းသားထုဘက်က မားမားမတ်မတ်ရပ်တည်ပေးဖို့အတွက် ဒီသမဂ္ဂကို ဖွဲ့ရတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ တစ်တိုင်းပြည်လုံး ရှိ ကျောင်းသားထုအကုန်လုံးရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးချင်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဖွဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့ အဓိပတိလမ်းမပေါ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းကို ကြေညာခဲ့ပြီး ထိုသမဂ္ဂ၏ ယာယီ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၇ ဦးကိုလည်း ဖွဲ့စည်းခဲ့သည်။
ယင်းသမဂ္ဂ၏ ယာယီအလုပ်အမှုဆောင်များအဖြစ် ဥက္ကဋ္ဌ မအိဆွေမြတ်၊ အတွင်းရေးမှူး ကိုခန့်ဝေဟိဏ်း၊ ဘဏ္ဍာရေးမှူး မအိသဥ္ဖာနွယ်၊ ပြန်ကြားရေး မသီရိခေတ်ဦး၊ ပြင်ပဆက်ဆံရေး မမျိုးမျိုးကျော်၊ ကျောင်းသား ထုအခွင့်အရေးတာဝန်ခံ မခင်မြန်မာနိုင် အပါအဝင် အလုပ်အမှုဆောင် ၁၇ ဦး ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ထိုအလုပ်အမှုဆောင်များသည် ရန်ကုန်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား၊
ကျောင်းသူများနှင့် ဘွဲ့လွန်တန်း တက်ရောက်နေသူများ ဖြစ်သည်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်သစ်များ တိုးလာစေရန်လည်း ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံရေးဆွဲကာ ရွေးကောက်ပွဲပြုလုပ်ပြီး တရားဝင် ဖွဲ့စည်းသွားမည်ဟု မအိဆွေမြတ်က ဆိုသည်။
သမဂ္ဂ၏ အတွင်းရေးမှူး (ယာယီ) ကိုခန့်ဝေဟိဏ်းက “ကျောင်းသားသမဂ္ဂ ဖွဲ့တယ်ဆိုတာ တိုင်းပြည်ကို တော် လှန်ပုန်ကန်ဖို့ မဟုတ်ဘူး။
ကျောင်းသားသမဂ္ဂဖွဲ့တာကိုပဲ အစိုးရကို တော်လှန်မယ့်လူလိုလို၊ ဘာလိုလိုထင်နေတယ်။ အမှန်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး စနစ်ထဲမှာ တစ်တက်တစ်အား ပါဝင်ဆွေးနွေးအကြံပြု မယ်။ ကျောင်းသားတွေ ဆုံးရှုံးနေတဲ့ အခွင့်အရေးကို ကျောင်းသားသမဂ္ဂ အနေနဲ့ ကိုယ်စားပြုတောင်းဆိုပေးတဲ့ သဘောပါပဲ။ မည်သည့် နိုင်ငံရေးပါတီ ပရောဂမှ မပါပါဘူး”ဟု ပြောသည်။
ဆရာ၊ဆရာမများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူက “သမဂ္ဂလုပ်တယ်ဆိုတာ စုပေါင်းပြီး ဘယ်လိုလုပ်ဆောင် လို့ရတယ်။ တစ်ခုခု လုပ်မယ်ဆိုရင် ညီညီညွှတ်ညွှတ် ဘယ်လိုလုပ်ဆောင်လို့ရတယ်။ ဦးဆောင်ပြီး တာဝန်ယူတဲ့အခါမှာ တစ်ယောက်တည်း တာဝန်ယူတာထက် အဖွဲ့အစည်း တစ်ခုက တာဝန်ယူတယ်ဆိုရင် ပြီးမြောက်တယ်။ စည်းပိုင်အားလည်းကောင်းတယ်။ တာဝန်ယူမှု တာဝန်ခံမှုအားကလည်း
ဖြစ်မြောက်တယ်ဆိုတာကြောင့် သမဂ္ဂဖြစ်ပေါ်ခြင်းကို ထောက်ခံတယ်။ သမဂ္ဂအချင်းချင်းချိတ်ဆက်မှုတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ၊ ပညာရေးဆွေးနွေးပွဲတွေ လုပ်ဆောင်မယ်ဆိုရင် ကောင်းမွန်တာတွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ်အတွင်း ၁၉၂၀ ခုနှစ် မှ ၁၉၆၂ ခုနှစ်အထိ ကျောင်းသားသမဂ္ဂသည် ၁၉၆၂ ခုနှစ် ကျောင်းသားအရေးအခင်းတွင် သမဂ္ဂအဆောက်အအုံကြီး ဖြိုခွဲခံလိုက်ရခြင်းနှင့် ကျောင်းသား သမဂ္ဂဖွဲ့စည်းခြင်းကို ဖိနှိပ်ဖြိုခွဲခံလိုက်ရသည့် နောက်ပိုင်းတွင် ကျောင်းသား လှုပ်ရှားမှုများ အစဉ်မပြတ်ရှိသော်လည်း ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ဖွဲ့စည်းခွင့် မရခဲ့ပေ။