တက္ကသိုလ်တိုင်းလွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်လေးချက်ကို အဆင့်မြင်ပညာ ဥပဒေတွင် ထည့်သွင်းထားဟု ဝန်ကြီးပြော

တက္ကသိုလ်တိုင်းလွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်လေးချက်ကို အဆင့်မြင်ပညာ ဥပဒေတွင် ထည့်သွင်းထားဟု ဝန်ကြီးပြော
by -
မဇ္စျိမ

တက္ကသိုလ်တိုင်း၏ လွတ်လပ်စွာ စီမံခွင့်ကို အချက်လေးချက်ဖြင့် အကောင်အထည်ဖော်ရန် အဆင့်မြင့်ပညာ ဥပဒေတွင် ထည့်သွင်းထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေကြမ်းများ ရှင်းလင်းခြင်းနှင့် အမျိုးသားပညာရေး စီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြား လိုက်ခြင်းဖြစ်သည်။

လက်ရှိရေးဆွဲနေသည့် အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခန့်ခွဲခွင့် အချက်လေးချက်ဖြစ်သည့်  ဘဏ္ဍာရေးလွတ်လပ်ခွင့်၊ ဘာသာရပ်ဆိုင်ရာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်နှင့် ဆရာ/ဆရာမ ခန့်ထားရေး စီမံခန့်ခွဲခွင့်များဖြင့်

အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ အသီးသီးတွင် မိမိတက္ကသိုလ်၏ လိုအပ်ချက်နှင့်အညီ သင်ကြားရေး မဟာဌာနများကို ဖွဲ့စည်းနိုင်ခြင်း၊ တက္ကသိုလ်များ လိုအပ်ချက်နှင့် အညီ ဆရာ/ဆရာမများ လိုအပ်သလို ခန့်ထားခွင့်ပြုခြင်းတို့ အပါအဝင် ရန်ပုံငွေရှာဖွေနိုင်သည့် အခွင့်အရေးများကိုလည်း ရရှိစေမည်ဟု ပညာရေးဝန်ကြီးက ပြောကြားလိုက်သည်။

အမျိုးသားပညာရေးဥပဒေအရ ပေါ်ပေါက်လာမည့် တက္ကသိုလ် ပဋိဉာဉ်ကို တက္ကသိုလ်တိုင်းက လွတ်လပ်စွာ ရေးဆွဲခွင့်ရမည်ဖြစ်ပြီး   တက္ကသိုလ်တိုင်းက လွတ်လပ်စွာ ပဋိဉာဉ်ရေးဆွဲခွင့်ရှိသော်လည်း ထိုတက္ကသိုလ်များအား လွတ်လပ်စွာ စီမံခွင့်ပေးသည့် အခါတွင် ပြန်လည်ထိန်းကျောင်းနိုင်မည့် လိုအပ်သည့် ကော်မတီ၊ ကော်မရှင်များကို ဖွဲ့စည်းရေးနှင့် ပတ်သက်၍ သုံးရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပညာရှင် ၃၉၃ ဦးက ဆွေးနွေးကြမည်ဖြစ်သည်။

ဝန်ကြီး ဒေါ်ခင်စန်းရီက "ပဋိဉာဉ်ရေးဆွဲမယ်။ ပညာရေးသင်ရိုးညွန်းတမ်း အကုန်လုံးကအစ အကုန် ဥပဒေထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပြီးရင် အကောင်ထည်ဖော်မယ်။ မရှိသေးတဲ့ အဖွဲ့အစည်း၊ ကောင်စီဖွဲ့စည်း ရမယ်။ ကော်မရှင်၊ ကော်မတီ အကောင်ထည်ဖော်မယ့် ဖွဲ့စည်းတွေ လိုအပ်တယ်။ ပညာရေးဝန်ကြီးဌာနက ဘာလုပ်မှာလဲ၊ ကော်မတီ၊ ကော်မရှင်က ဘာလုပ်မှာလဲ၊ တက္ကသိုလ်မှာ ဘယ်လိုဖွဲ့စည်းမလဲဆိုတာတွေ နည်းဥပဒေတွေမှာ ရေးဆွဲမှာ ဖြစ်ပါတယ်။ ဒါတွေကို ပညာရှင် ၃၉၃ ယောက်ရဲ့ အကြံဉာဏ်တွေ ဆွေးနွေးသွားမယ်’’ ဟု ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၆ရက်မှ ၁၈ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ထိုအလုပ်ဆွေးနွေးပွဲတွင် အမျိုးသားပညာရေး ဥပဒေမှ ပေါ်ထွက်လာမည့် နည်းဥပဒေတွင် ပါဝင်ရေးဆွဲရမည့် အချက်အလက်များ အပြင် အမျိုးသားဥပဒေနှင့် ဆက်စပ်ဥပဒေများဖြစ်သည့် အဆင့်မြင့်ပညာရေးဥပဒေ၊ မသင်မနေရ ပညာရေးဥပဒေ၊ အခြေခံပညာရေး ဥပဒေ၊ ဆရာအတတ်သင် ပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ နှင့် အသက်မွေးပညာရေးဥပဒေ မူကြမ်းများကို ပညာရှင် ၃၉၃ ဦးကျော်က သုံးရက်ကြာဆွေးနွေးကြမည် ဖြစ်သည်။

ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်လွင်က “တက္ကသိုလ်အလိုက် ပဋိဉာဉ် ရေးဆွဲရ ပါ့မယ်။ ရေးဆွဲတဲ့ အပိုင်းမှာ အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်စွာ စီမံခွင့်အပိုင်းတွေ ပါလာမှာ ဖြစ်ပါတယ်။  ဘာတွေ အဓိကရေးဆွဲရ မလဲဆိုရင် တက္ကသိုလ်ကောင်စီ၊ အုပ်ချုပ်မှု အဖွဲစည်းတွေ၊ ဆရာ၊မများ အသင်းတွေ၊ ဆရာဟောင်းများအသင်း၊ ကျောင်းသားယူနီယံတွေကို ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဘက်စုံလွှမ်းခြံုနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အဖွဲ့ (CESR) များ၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ တက္ကသိုလ် ၁၆၉ ခုမှ ပါမောက္ခချုပ်များနှင့် ပြင်ပပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲမှ ရလာဒ်များနှင့် အမျိုးသားပညာရေး နည်းဥပဒေတွင် ပါ၀င်မည့် အချက်များနှင့် အမျိုးသားဥပဒေ ဆက်စပ်ဥပဒေ ခြောက်ခုအား ဆွေးနွေးမှုရလာဒ်များကို တက္ကသိုလ်အသီးသီးသို့ ပေးပို့မည်ဖြစ်ပြီး အဆိုပါ တက္ကသိုလ်များက သဘောတူညီပါက ထိုဥပဒေများ အများပြည်သူသို့ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန်ပေးခြင်းနှင့် လွှတ်တော်သို့ ပေးပို့ခြင်းတို့ ပြုလုပ် မည် ဖြစ်သည်။