အစိုးရနှင့် NCCT ဒီဇင်္ဘာ ၂၂ တွေ့မည်

အစိုးရနှင့် NCCT ဒီဇင်္ဘာ ၂၂ တွေ့မည်
by -
မဇ္စျိမ

 တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဒီဇင်ဘာ ၂၂ နှင့် ၂၃ ရက်နေ့၌ ရန်ကုန်တွင် တွေ့ဆုံကာ NCCTဘက်မှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် ၈ဦး တက်ရောက်ရန် ဒီဇင်ဘာလ ၁၆ ရက်က ဆုံးဖြတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။

ယင်းတွေ့ဆုံမှုကို “လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” ဟုသာ သတ်မှတ်ကာ ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် အဓိက ညှိနှိုင်းကာ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းအပေါ် ပြန်လည်ဆွေးနွေးရန် နှစ်ချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။

“အခုသွားတဲ့ ခရီးစဉ်က လုပ်ငန်းညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းနဲ့ ပတ်သက်တာ က နှစ်ပိုင်းရှိတယ်။ NCA ဆက်လက် ဆွေးနွေးသွားဖို့ မြန်မြန်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နောက် ထစ်နေတာတွေ၊ မပြေလည်တာတွေ၊ နိုင်ငံရေး မိုးလေဝသ မကောင်းတာတွေကို ပြန်ညှိနှိုင်းပြီးတော့ ယုံကြည်မှု ပြန်လည်တည်ဆောက်ပြီးတော့ ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်မည့် NCCT ကိုယ်စားလှယ်များသည် လာမည့် ဒီဇင်ဘာလ ၂၀ ရက်တွင် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်သည်။

သို့သော် UPWC နှင့် NCCT တို့ ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီ လက်မှတ် ရေးထိုးနိုင်မည် မဟုတ်ဟု ဆိုသည်။ “ဒီနှစ်မှာတော့ စာချုပ်ထဲမှာပါတဲ့ အချက်တွေကို အချောမကိုင်ရသေးတော့ လက်မှတ်ထိုးတာက ဒီနှစ်ထဲမှာ မလွယ်သေးဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

NCCT က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဗိုလ်သင်တန်းကျောင်းကို အစိုးရ စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုအပေါ် UPWC ဘက်မှ တစ်စုံ တစ်ရာ ဖြေရှင်းပေးရန် အပါအဝင် အချက် ၅ ချက် မေးမြန်းခဲ့မှုကိုလည်း တချို့အချက်များ ကို ပြေလည်မှုမရသေးသဖြင့် လာမည့် ရန်ကုန်ဆွေးနွေးမှုတွင် ဆက်လက် ဆွေးနွေးရန် လိုအပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလက ဆဋ္ဌမ အကြိမ်မြောက် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကိုအောက်တိုဘာလတွင် တွေ့ဆုံရန် သဘောတူခဲ့သော်လည်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့်တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

Most read this week