ကလေးများအတွက် အဓိကစိန်ခေါ်မှု သုံးချက်ရှိဟုဆို

ကလေးများအတွက် အဓိကစိန်ခေါ်မှု သုံးချက်ရှိဟုဆို
by -
မဇ္စျိမ

 မြန်မာနိုင်ငံ အရပ်ရပ်မှ ကလေးသူငယ်များ၏ ပညာသင်ကြားရာတွင် အခက်အခဲများရှိခြင်း၊ မူးယစ်ဆေးဝါး များနှင့် ထိတွေ့နေရခြင်း၊ အရွယ်မတိုင်ခင် အလုပ်လုပ်နေရခြင်းများက ကလေးသူငယ်များ အတွက် အဓိက ရင်ဆိုင်နေရသော စိန်ခေါ်မှုများဖြစ်သည်ဟု Save The Children မှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စီမံအုပ်ချုပ်မှု အစီအစဉ်၏ အစီအစဉ်မှူး ဒေါ်နီနီလှက ပြောသည်။

ထိုစိန်ခေါ်မှုများသည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုက ကလေးသူငယ် ၈၀ ဦးတို့ကို တွေ့ ဆုံမေးမြန်းချက်များပေါ် အခြေခံကာ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပညာသင်ကြားရာတွင် ကျောင်းများနှင့် ဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်း၊ သင်ကြားရ သည့် ကျောင်းအဆောက်အအုံများ မကောင်းခြင်း၊ မိဘများ ဆင်းရဲခြင်းကြောင့် ပညာဆက်လက်သင်ကြားခွင့် မရရှိခြင်း၊ မိဘများ၏ ပညာရေး အလေးထားမှုမရှိခြင်း စသည့် ပညာရေး ပြဿနာများ၊ ကျောင်းဝန်းကျင်များ တွင် ဆေးလိပ်၊ ကွမ်း၊ ဘီယာဆိုင်များ ရှိနေသဖြင့် အလွယ်တကူ လက်လှမ်းမီလာခြင်း၊ ကလေးများကို မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွင် သယ်ဆောင်ခိုင်းခြင်း၊ မိဘများကိုယ်တိုင် ကလေးများကို အရက်ဝယ် ခိုင်းခြင်းစသည့် စိန်ခေါ်မှုများကို ကလေးသူငယ်များက ရင်ဆိုင်နေရသည်ဟု အဆိုပါကလေး ၈၀ ဦး၏ ဆွေးနွေးချက် အစီရင်ခံစာပါ အချက်အလက်များကို ၎င်းက ကိုးကားပြောကြားခြင်းဖြစ်သည်။

“ကလေးဦးရေ ဘယ်လောက်ခံစားနေရလဲဆိုတာတော့ ရာခိုင်နှုန်းအနေနဲ့တော့ အတိအကျ ပြောပြလို့မရဘူး။ တရားဝင် ထုတ်ပြန်ထားတာ မရှိလို့”ဟု ၎င်းက ပြောသည်။

အရွယ်မတိုင်ခင် အလုပ်လုပ်ရခြင်းကြောင့် လုပ်အားခခေါင်းပုံဖြတ်ခံရခြင်း၊ အလွန်အမင်း စေခိုင်း ခံရခြင်း၊ နိုင်ထက်စီးနင်း ဆက်ဆံခံရခြင်း ၊လက်ဖက်ရည်ဆိုင်၊ ကေတီဗွီ၊ အနှိပ်ခန်း၊ အိမ်ဖော်စသည့် အလုပ်များ လုပ်နေရခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှုများအတွက် အလုပ်ရှင်က တာဝန်မယူခြင်းတို့ကိုလည်း ကလေးသူ ငယ်များ ရင်ဆိုင်ရသည်ဟု အစီရင်ခံစာက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “အခုဒီအချက်အ လက်တွေကို ယူထားတယ်။ ဇန်နဝါရီမှာ ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းဆွေးနွေးမယ်။ ကလေးတွေနဲ့ မိဘတွေကိုယ်တိုင်ကလည်း ကလေးတွေရဲ့ အခွင့်အရေးကိုလည်း သိထားသင့်တယ်” ဟု ပြောသည်။

ကလေးငယ်များမှာ ပညာရေး၊ မူးယစ်ဆေးနှင့် အရွယ်မတိုင်ခင် လုပ်ငန်းခွင်ဝင်ရ ခြင်းများအပြင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း၊ မသန်စွမ်း ကလေးငယ်များသည် ရပ်ရွာပွဲတော်များတွင် ပါ၀င် ခွင့်နည်းပါးခြင်း၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးအသိပညာရရှိမှု နည်းပါးခြင်း၊ စစ်ဘေးသင့် ဒေသ များတွင် ယောက်ျားလေးများကို စိတ်ကြွဆေးတိုက်၍ ရှေ့ပြေးတပ်သားအဖြစ် အသုံးပြုခံနေရ ခြင်း၊ လူကြီး များ စည်းကမ်းမဲ့ယာဉ် မောင်းနှင်မှုကြောင့် ကလေးများအားထိခိုက်မှုများလာခြင်း စသည့် ပြဿနာများ နှင့် လည်း ရင်ဆိုင်နေရသည်ဟု အဆိုပါကလေး ၈၀ ဦး၏ ဆွေးနွေးချက်များကို အစီရင်ခံစာ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၄ ရက်က Yangon International ဟိုတယ်တွင် ကလေးသူငယ်များ၏ ဘဝနှင့် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံ ရန် မြန်မာနိုင်ငံတော် အစိုးရအကြံပြု တိုက်တွန်းနိုင်သည့် အခွင့် အလမ်းရရှိစေမည့် ကလေးသူငယ် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ အရပ်ရပ်မှ ကလေးသူငယ်များနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်းဖြစ် သည်။

Most read this week