စည်ပင်ရွေးကောက်ပွဲတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ်များကို မဲပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး က ဒီဇင်ဘာလ ၁၅ ရက်တွင် တိုက်တွန်းပြောဆိုလိုက်သည်။
ORCHID ဟိုတယ်တွင် ပြုလုပ်ခဲ့သော ဦးဝင်းချို၊ ဒေါက်တာအေးမင်း၊ ဒေါ်နော်လှလှစိုးတို့၏ စည်ပင်ရွေးကောက်ပွဲကိုယ်စား လှယ်လောင်း မိတ်ဆက်ပွဲတွင် ဦးကိုကိုကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အရပ်ဘက်လုပ်ငန်းများတွင် စစ်ဘက်အတွေ့အကြံုရှိသူများ တာဝန်ယူခဲ့သည့် အချိန်ကြာမြင့်ခဲ့ပြီး ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ အဆင့်ကို ရောက်ရှိခဲ့ရသဖြင့် အရပ်ဘက် ကိုယ်စားလှယ်များအား လွှဲပြောင်းတာဝန်ပေးအပ်သင့်ပြီ ဖြစ်သောကြောင့် ယခုကဲ့သို တိုက်တွန်းခြင်းဖြစ်သည်ဟု ပြောသည်။
“သူတို့တွေဟာ လူမှုရေးစိတ်ဓာတ်ရှိသူတွေလို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူတွေအတွက် အရင်လူတွေထက် မနိမ့်တဲ့ ဆောင်ရွက်မှုတွေကို လုပ်နိုင်တယ်။ အရည်အချင်းလည်းရှိတယ်လို့ ယုံကြည်ပါ တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းက လူတွေလုပ်ကိုင်ခွင့်ရအောင် မြို့သူ၊ မြို့သားတွေက ဖန်တီးပေးကြပါလို့ ပြော ချင်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
အစစ်အမှန် ပြည်သူကိုကိုယ်စားပြုသူများ စည်ပင်ဗဟိုကော်မတီတွင် နေရာရရှိခြင်းအားဖြင့် ပြည်သူများက စည်ပင်လုပ်ငန်းများကို အနီးကပ်လေ့လာ စောင့်ကြည့် နိုင်မည်ဖြစ်သည်။ ယခင်အစိုးရလက်ထက်က တွေ့ကြံုခဲ့ရသော အုပ်ချုပ်ရေးတာဝန်ယူ သူများနှင့် ပြည်သူများအကြား ကွာဟချက် ကြီးမားမှုကို လျှော့ချနိုင်မည်ဟု ဦးကိုကိုကြီးက သုံးသပ်သည်။
“တိုင်းဒေသကြီး လွှတ်တော်မှာစည်ပင်ဥပဒေကို ကျွန်မအရင်ဆုံး တင်တာပါ။ ဒါပေမဲ့ အစိုးရရေးတဲ့ ဥပဒေနဲ့ ယှဉ်တွဲပြီး အစည်းအဝေးတွေ ပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မရေးထားတဲ့ ဥပဒေမှာ မြို့တော်ဝန်ကလွဲပြီး ကျန်တဲ့ရှစ်ယောက်ကို ရွေးကောက် တင်မြှောက်ခံဖို့ ရေးဆွဲထားတာပါ။ နောက်ဆုံးမှာ လေးနေ ရာပဲရတယ်။ ရတဲ့လေးနေရာမှာ ပြည်သူကိုယ်စားပြု ကိုယ်စားလှယ် အစစ်တွေဖြစ်ဖို့လိုပါတယ်” ဟု ယင်းပွဲ သို့ တက်ရောက်လာသူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ပြောသည်။
စည်ပင်ရွေးကောက်ပွဲ ဥပဒေရေးဆွဲ ပုံရေးဆွဲနည်း၊ မဲပေးသည့် နည်းစနစ်များနှင့် ကော်မတီဖွဲ့စည်းပုံများကိုမူ ဦးကိုကိုကြီးကဝေဖန်မှုများ ပြုလုပ်ထားပြီး ရွေးကောက်ပွဲတွင်ပါ၀င်မည့် ကိုယ်စားလှယ်များအားလုံး တန်း တူအခွင့်အရေးရရှိရန် အရေးကြီးသည်ဟု ဆိုထားသည်။