ရခိုင်တွင် တည်ငြိမ်မှု ဆက်ထိန်းထားရန် ရခိုင်ပြည်နယ်နေ့တွင် သမ္မတ တိုက်တွန်း

ရခိုင်တွင် တည်ငြိမ်မှု ဆက်ထိန်းထားရန် ရခိုင်ပြည်နယ်နေ့တွင် သမ္မတ တိုက်တွန်း
by -
မဇ္စျိမ

နှစ် ၄၀ မြောက်ရခိုင်ပြည်နယ်နေ့ တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်၏ တည်ငြိမ်မှုကို ဆက်လက်ထိန်း သိမ်းကြရန် တိုက်တွန်းရေးသားထားသည့် သဝဏ်လွှာပေးပို့ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့အများစုတွင် ရခိုင်ပြည်နယ်နေ့ကို ကျင်းပလျက်ရှိပြီး မဟာဓာတ်အားလိုင်း ရောက်ရှိခြင်း အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ပူးတွဲကျင်းပနေကြသည်။

ပြည်နယ်တွင်းရှိ လူ့အဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခများဖြစ်ပွားခဲ့သော်လည်း ယခုအခါ တည်ငြိမ်မှုရှိနေပြီဖြစ်ရာ တည်ငြိမ်မှုကို ဆက်လက် ထိမ်းသိမ်းပြီး ပြည်ထောင်စုအစိုးရ ပြည်နယ် အစိုးရ ပြည်ထောင်စုအစိုးရ နှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည် ဟု သမ္မတ၏သဝဏ်လွှာတွင်ဖော်ပြထားသည်။

“တည်ငြိမ်မှုကို ထိမ်းသိမ်းဖို့ ဥပဒေစိုးမိုးရေးက အဓိကကျတယ်၊ ဖွ့ံဖြိုးရေးအတွက်ဆိုရင် ရခိုင်ပြည်နယ်က သယံဇာတတွေ ဒေသအကျိုး ခံစားခွင့် ရှိဖို့လိုတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ်နေ့ကို ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများက ရန်ကုန်မြို့တိုင်းရင်းသားကျေးရွာတွင် ရိုးရာ ယဉ်ကျေးမှု အားကစားပြိုင်ပွဲ များဖြင့် ကျင်းပကြသည်။

ရခိုင်ပြည်နယ်တွင် သမ္မတ က တိုက်ရိုက်ခန့်အပ်ထားသော ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းဦးဆောင် ၍ နိုင်ငံတော်သမ္မတရုံးက သတ်မှတ်ပေးသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် အစီအမံများကို အကောင်အထည်ဖော်လျှက်ရှိသည်။