မော်ချီးသတ္တုတွင်းဒေသဖြစ်သည့် ကယားပြည်နယ် ဖားဆောင်းမြို့နယ် ကော်ဒူဒိုးကျေးရွာနှင့် ဘူးလော်ပယ် ကျေးရွာ တို့တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပတ်သက်သည့် စစ်တမ်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း မိုလိုအမျိုးသမီး သတ္တုတွင်း စောင့်ကြည့်လေ့လာရေး ကွန်ယက်ကောက်ယူသွားမည်ဟု ကွန်ရက်၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး မအဲမူထူးက ပြောသည်။
အဆိုပါ ဒေသခံများသို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ သတ္တုတွင်းတူးဖော်မှုကြောင့် ဥယျာဉ်ခြံမြေများ ဆုံးရှုံးမှု၊ နစ်နာကြေးရရှိမှု၊ သတ္တုတွင်းနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ဒေသခံများ ရရှိမှု၊ သတ္တုတွင်း တူးဖော်မှုအတွက် ကြိုတင်သိရှိထားခြင်း ရှိ၊ မရှိ၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူမည် ဖြစ်သည်။
မအဲမူထူးက “သတ္တုတူးဖော်မှုတွေကြောင့် လက်ရှိဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေ မိရိုးဖလာ အလုပ်အကိုင်တွေ ဆုံးရှုံးနေရပါတယ်။ စစ်တမ်းထွက်ရှိလာပြီးရင် ဒေသခံတွေရဲ့ နှစ်နာမှုတွေကို ဒေသအစိုးရ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ လွှတ်တော်ကို တင်ပြပေးသွားမှာပါ” ဟု ပြောသည်။
ထိုကောက်ယူရရှိပြီး စစ်တမ်းမှာ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ထွက်ရှိမည်ဖြစ်ပြီး ထိုစစ်တမ်းကို သတ္တုတွင်းတူးဖော်ရေးလုပ်ကိုင်နေသည့် ကုမ္ပဏီ၊ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အစိုးရဌာနနှင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်သည်။
အဆိုပါ မော်ချီးသတ္တုတွင်း ဒေသဖြစ်သည့် ကော်ဒူဒိုးကျေးရွာတွင် လူဦးရေ ၄၀၀ ကျော်နှင့် ဘူးလော်ပယ်ကျေးရွာတွင် လူဦးရေ ၃၀၀ ခန့်နေထိုင်လျှက်ရှိသည်။
ကရင်နီလူမှုအသင်းအဖွဲ့ကွန်ယက်မှ ဒီဇင်ဘာ ၄ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ တွင်လည်း ကယားပြည်နယ်အတွင်း ဖော်ဆောင်နေ သည့် စီမံကိန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော် သူများက ထိခိုက်နစ်နာမှုများအပေါ်တွင် တာဝန်ရှိကြောင်း၊ စီမံကိန်းကြောင့်ထိခိုက်နှစ်နာမှု ရှိသော ဒေသများတွင်ရေရှည် တည်တံ့ခိုင်မြဲသော လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးရန်တို့ကိုတောင်းဆိုထားသည်။
မိုလိုအမျိုးသမီး သတ္တုတွင်း လေ့လာစောင့်ကြည့်ရေးကွန်ယက်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်မှု၊ အမျိုးသမီးအခွင့်အရေးနှင့် ကယားပြည်နယ်တွင် သတ္တုတွင်းလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံများ၏ နစ်နာဆုံးရှုံးမှုများ အပါအဝင် အမျိုးသမီးဘဝတိုးတက်ရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်ပြီး
သတ္တုတွင်းလုပ်ငန်း များကြောင့် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ရင်ဆိုင်ကြံုတွေ့့နေရသည့် အမျိုးသမီးများအတွက်အကူအညီပေးနေသော အဖွဲ့ဖြစ်သည်။