အစိုးရက ညှိနှိုင်းမှု မလုပ်မချင်း မိကျောင်းကန် ပြည်သူများ မြို့တော်ခန်းမကို ပိတ်ထားမည်

အစိုးရက ညှိနှိုင်းမှု မလုပ်မချင်း မိကျောင်းကန် ပြည်သူများ မြို့တော်ခန်းမကို ပိတ်ထားမည်
by -
မဇ္စျိမ

 မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊၂၊၃ မြေသိမ်းခံရခြင်း နှင့်ပတ်သက်၍ အစိုးရက ညှိနှိုင်းမှု မလုပ်မချင်း ရန်ကုန်မြို့တော်ခန်းမ အပေါက် (ဆူးလေစေတီဘေး)ကို ပိတ်၍ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ် သွားမည်ဟု မိကျောင်းကန် သပိတ်စခန်းမှ ပြန်ကြားရေး တာဝန်ခံ ဒေါ်မြင့်ဌေးက ပြောသည်။

“မြေယာကိစ္စကို ဖြေရှင်းပေး မယ်ဆိုတဲ့ သက်ဆိုင်ရာ လူကြီးက အာမခံချက်နဲ့ ဘယ်နေ့၊ ဘယ်အချိန်မှာ လုပ်ပေးပါ မယ်ဆိုတဲ့ အာမခံချက် လိုချင်တယ်” ဟုပြောသည်။

တိုင်းဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ အစိုးရ အဖွဲ့များ၊ လွှတ်တော် ကိုယ်စား လှယ်များသို့ မိကျောင်းကန် သပိတ် စခန်းမှ ဒေသခံတို့က ညှိနှိုင်းပေးရန် ဒီဇင်ဘာ ၄ရက်က စာပေး ပို့တောင်း ဆိုခဲ့သည်။

ထိုသို့ စာပေးပို့ပြီးသည်မှ တစ်ပတ်အတွင်း ထိရောက်သည့် ညှိနှိုင်းမှု မျိုးပေးရန် တောင်းဆိုခဲ့ရာ ထူးခြားမှုမရှိသဖြင့် တစ်ပတ်ပြည့်သည့် ဒီဇင်ဘာလ ၁၂ ရက်မှ စတင်ကာ ရန်ကုန်မြို့တော်ခန်းမ ဝင်ပေါက်ကို ပိတ်၍ ဆန္ဒထုတ် ဖော်ခဲ့ပြီး သပိတ်အရှိန် မြှင့်ခဲ့သည်။

ထိုသို့သပိတ်ရှိန်မြှင့် ခဲ့ခြင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာ အဖွဲ့ကလည်း Sound Box (အသံချဲ့စက်)များဖြင့် သီချင်းသံ ကျယ်လောင်စွာဖွင့် ကာပြန် လည်တုံ့ပြန်ခဲ့သည်။

ထိုသို့ သီချင်း ကျယ်လောင်စွာ ဖွင့်ခြင်းနှင့် ပတ်သက်၍ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “ဘယ်သူပဲဖြစ်ဖြစ် အသံချဲ့စက် အသုံးပြုမယ်ဆိုရင် ရပ်ကွက် အုပ် ချုပ်ရေး မှူးရုံးရဲ့ ခွင့်ပြုချက် လိုတယ်။ တကယ်လို့ မရှိဘူးဆိုရင် အရေး ယူပေးဖို့ လိုပါတယ်။ ဒီဥစ္စာက တစ်ဖက်နဲ့ တစ်ဖက် အခြေ အနေကို တင်းမာစေ ရာ ရောက်နေတဲ့အတွက် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စည်ပင်ဘက်က လုပ်တာကို ခွင့်ပြု ချက်မရှိဘူးဆိုရင်တော့ အရေးယူပေးဖို့လိုတယ်။ ရပ်ကျေး ဥပဒေမှာ အသံချဲ့စက်သုံးလို့ရှိရင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရဲ့ ခွင့်ပြုချက်ယူ ရမယ်လို့ အတိအလင်း ပါပါတယ်။” ဟု ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက်မှ စတင်ကာ မြို့တော်ခန်းမအပေါက် (ဆူးလေစေတီဘေး)တွင် အမိုးအကာများဖြင့် သပိတ်စခန်းဖွင့်ထားသည်။

အဆိုပါ မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော် နေသူများက တောင်းဆို ထားသည်မှာ မိမိတို့သိမ်း ဆည်းခံရသည် မြေကို လည်းကောင်း၊ အလားတူ

ကာလတန်းဖိုးရှိသည့် နစ်နာကြေးကို လည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းပေးရေး တောင်းဆိုခဲ့သည်။

ဒေါ်မြင့်ဌေးက “မြေလျော်ကြေးပေးပြီးပြီ ဆိုရင်လည်း လာဖမ်းပါ။ မပေးရသေးဘူးဆိုရင်လည်း လာရောက် ဖြေရှင်းပေးပါ”ဟု ပြောသည်။

၎င်းတို့ ပေးပို့ခဲ့သည့် စာတွင်  ညှိနှိုင်းဆွေးနွေးမှုများကို ရက်သတ္တပတ် တစ်ပါတ်စောင့် ဆိုင်းမည်ဖြစ်ပြီး ယင်းကဲ့သို့ သတ်မှတ်ကာလ အချိန်အ တွင်းညှိနှိုင်း   ဆွေးနွေး အဖြေရှာမှုများ ပီပြင်စွာ ဖြစ်ပေါ်လာ ခြင်းမရှိပါက လူထု လှုပ်ရှားမှု ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ညှိနှိုင်းရေး ပီပြင်စွာ ဖြစ်ပေါ် လာစေရန် အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ဒီဇင်ဘာ ၃ ရက်က သတင်းစာရှင်းလင်းပွဲတွင် မိကျောင်းကန် သပိတ်စခန်းတွင် ဆန္ဒထုတ်ဖော်နေသူ ဦးမောင်မောင်က ပြော ကြား ခဲ့ဖူးသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်း ခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော် ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ် စခန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် သပိတ်စခန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်က ၅ရက်တိုင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် သပိတ်စခန်းကို နိုဝင်ဘာလ၂၆ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။    ယင်းသပိတ်စခန်းပိတ်သိမ်းပြီး သုံးလအကြာ မတ်လ ၂၄ ရက်က မဟာဗန္ဓုလ ပန်းခြံအနီး ရှိ ရန်ကုန်တရား လွှတ်တော်ရုံးရှေ့တွင်  သပိတ်စခန်း ပြန်လည်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။