ပီအာရ်ဖြင့် ပြိုင်ရန်နည်းလမ်း အင်န်အယ်ဒီ ပြင်ဆင်မထား

ပီအာရ်ဖြင့် ပြိုင်ရန်နည်းလမ်း အင်န်အယ်ဒီ ပြင်ဆင်မထား
by -
မဇ္စျိမ

 ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ရေးဆွဲထားသည့် ရွေးကောက်ပွဲ ကြေညာစာတမ်းကို လက်ရှိ ကျင့်သုံးနေသော မဲဆန္ဒနယ်တစ်ခုချင်းတွင် မဲအများဆုံးရသူ အနိုင်ရစနစ်ကိုသာ အခြေခံရေးဆွဲထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ရွေးကောက်ပွဲ ကြေညာစာတမ်းကို ရေးစွဲတဲ့နေရာမှာ အရင်စနစ် (နိုင်သူအကုန်ယူ) နဲ့ပဲ အခြေခံပြီးရေးတယ်၊ ပါတီအနေနဲ့ ကြေငြာ စာတမ်းကို အပြီးအတည်ပြုထားတာ မရှိသေးဘူး၊ ဒါပေမယ့် ပီအာရ် (အချိုးကျ ကိုယ်စားပြုစနစ်) နဲ့တော့ မစဉ်းစားဘူး” ဟု ၎င်းက ဆိုသည်။

NLD-Baho-Committee-Meeting-1

ရန်ကုန်မြို့တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သည့် လေးကြိမ်မြောက် ဗဟို ကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲကြေညာ စာတမ်းကို အကြမ်းဖျင်း ပြုစုထားပြီးဖြစ်ကာ ခြောက်လအကြာတွင် ထပ်မံကျင်းပမည့် ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေး၌ အပြီးသတ်ဆုံးဖြတ်မည်ဟု အင်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကလည်း ပြောသည်။

လာမည့် အထွေထွေေ ရွးကောက်ပွဲတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရန် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ က ဆွေးနွေးကြပြီး ဖြစ်သည်။

ပြည်သူ့လွှတ်တော်က ယင်းစနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ပယ်ချထား ပြီးဖြစ်သော်လည်း အမျိုးသား လွှတ်တော်ကမူ ယင်းစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး စီစဉ်နေပြီ ဖြစ်သည်။

အမျိုးသားလွှတ်တော်အတွင်း ၁၀ ရာခိုင်နှုန်း အင်အားရှိသည့် အင်န်အယ်လ်ဒီနှင့် တိုင်းရင်းသား အမတ် အချို့ကမူ အဆိုပါစနစ်သည် ဖွဲ့စည်းပုံနှင့်ကိုက်ညီမှု ရှိ၊ မရှိ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လျှောက်ထားပေး ရန် လွှတ်တော်ဥက္ကဋ္ဌထံ လက်မှတ်ရေးထိုး တောင်းဆို ထားကြသည်။ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ အမျိုး သား လွှတ်တော်တွင် ပီအာရ်သုံးခြင်းသည် အခြေခံဥပဒေနှင့်ကိုက်ညီသည်ဟု ထုတ်ဖော် ပြောဆိုထား သည်။

ဦးခင်အောင်မြင့်နှင့် တစ်ပါတီတည်းဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းကမူ ၂၀၁၅ တွင် ပီအာရ်သုံးဖြစ်ရန် မသေချာဟု မဇ္ဈိမကို ပြောထားသည်။

“အချိုးကျကိုယ်စားပြုစနစ်က နိုင်ငံတော်အတွက် ရေရှည်လုပ်ရမယ့် လုပ်ငန်းအဖြစ် အထိုင်ချပေးခဲ့တဲ့ သ ဘောပါ။ ၂၀၁၅ မှာတော့ မဖြစ်နိုင်ဘူး။ ရှေ့လာမယ့် ကာလတွေမှာတော့ စဉ်းစားကောင်း စဉ်းစားနိုင်အောင် အခြေတည်ပေးတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ထိုသို့သော အခြေအနေများတွင် အင်န်အယ်လ်ဒီကလည်း ၎င်း၏ ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုများတွင် ပီအာရ်ကို ထည့်စဉ်းစားထားခြင်း မရှိဟုထုတ်ဖော် ပြောဆိုခြင်းလည်းဖြစ်သည်။ အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်အလက် အသေးစိတ် ကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် အတည်ပြု ကြေညာပြီးမှသာ ထုတ်ပြန်မည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အင်န်အယ်လ်ဒီ၏ လေးကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကပါတီ၏ မူဝါဒဖြစ်သည့် တရားဥပ ဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို ဆက်လက် အကောင်အထည်ဖော်ရန်၊ ယင်းတို့ကို ဖော်ဆောင်နိုင်ရေး လေးပွင့်ဆိုင် (သို့မဟုတ်) ခြောက်ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးနိုင်ရန်၊ ၂၀၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ်ပြဋ္ဌာန်း၍ ပါတီစည်းရုံးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။