ကဏ္ဍစုံ၊ အလွှာစုံမှ ပြည်သူများပါဝင်ပြီး ပွင့်လင်း၍ အာမခံချက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များက ပြုလုပ်ပေးရန် ပြည်သူ့ဖိုရမ်က ဒီဇင်ဘာလ ၁၄ ရက်က တောင်းဆိုလိုက် သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် မူဘောင်ရေးဆွဲရာတွင် တံခါးပိတ်ဆွေးနွေးမှုများ အဆုံးသတ်ပြီး ပြည်သူ့အသံကို မှန်ကန်စွာ ကိုယ်စားပြုနိုင်သည့် ဘာသာစုံ၊ လူမျိုးစုံ၊ အလွှာစုံမှ ကိုယ်စား လှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာ ရှင်များပါ၀င်ပြီး အားလုံးလက်ခံသည့် မူဘောင်ရေးဆွဲကာ ပွင့်လင်း၍ အာမခံချက်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန် တိုက်တွန်းသည်။
ထို့ပြင် ဆွေးနွေးပွဲမတိုင်မီ တိုက်ရိုက်အကြံပြုချက် ရယူခြင်း၊ ထိုအကြံပြုချက်များ ထည့်သွင်းဆွေးနွေးခြင်း၊ ဆွေးနွေးပြီးနောက် ပြည်သူများထံ ရှင်းလင်းတင်ပြခြင်းတို့ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဘက်က ပြုလုပ်ပေးရန် အပါအဝင် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ သည်များမှ အချက် ၁၀ တောင်းဆိုသည်။
ထို တောင်းဆိုချက်အပါအဝင် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက် ကြာကျင်းပခဲ့သည့် ပြည်သူ့ ဖိုရမ်မှ ဆွေးနွေးချက်များကို သမ္မတထံသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက တစ်ဆင့် ရက်သတ္တပတ် တစ်ပတ်အတွင်း ပေးပို့တောင်းဆိုသွားမည်ဟု လည်း မြန်မာပြည်သူ့ ဖိုရမ် လုပ်ငန်းအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦး က ပြောသည်။
သုံးရက်ကြာ ကျင်းပခဲ့သည့် ပြည်သူ့ဖိုရမ်မှ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ခေါင်းစဉ်လေးခုအောက်တွင် အလုပ်ရုံဆွေးနွေးပွဲ ၁၅ ခုကို ဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးချက်များမှ ထွက်ပေါ်လာသော အချက် ၆၈ ချက်ကို ဒီဇင်ဘာလ ၁၄ ရက်က ကြေညာခဲ့ပြီး သမ္မတထံ တင်ပြတောင်းဆိုမည် ဖြစ်သည်။
မြန်မာ စားသုံးသူများသမဂ္ဂအတွင်းရေးမှူး ဦးမောင်မောင်က “တတ်နိုင်သလောက် စုစည်းပြီးတော့ အဖြေ ကောင်းတစ်ခုထွက် အောင်တော့ ကျွန်တော်တို့ လုပ်ကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသံကတော့ ရှိ သွားတယ်။ ရလဒ်တွေ အားလုံးကောင်းတယ်လို့ အာမမခံပေမယ့် ဖိုရမ်ဆွေးနွေးချက်တွေကနေ တစ်စုံ တစ်ခုတော့ အကျိုးရှိမှာပါ” ဟု ပြောသည်။
မြန်မာပြည်သူ့ဖိုရမ်မှ ပဋိပက္ခဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖုံးကွယ်ထားခံရခြင်းများကို အသိအမှတ်ပြု ကိုင်တွယ်ဖြေရှင်းပေးရန်၊ ပုဒ်မ ၁၇/ ၁ကို ဖျက်သိမ်းပေးရန်နှင့် ပုဒ်မ ၄၃၆ ကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ထည့်သွင်းပြီး တိုင်းရင်းသားပြည်သူ အားလုံးအတွက် အာမခံချက်ရရှိအောင် လုပ်ဆောင်ပေး ရန်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ကျား၊မ တန်းတူ အခွင့်အရေးအရ အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဦးစားပေးရန်လည်း တောင်းဆိုခဲ့သည်။
မြန််မာ ပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်လင်းဦးက “အစိုးရအဖွဲ့ထဲမှာ ဖိုရမ် အကြံပြုချက်တွေကို သေချာဆောင် ရွက်ပေးမယ့် အဓိက ဝန်ကြီးဌာနတစ်ခု ရှိလာအောင် ဆက်ပြီးကြိုးစား သွားမှာဖြစ်ပြီးတော့ အဲ့ဒီဝန်ကြီးဌာန ကနေတစ်ဆင့် ဆက်ပြီးတော့ အကောင်အထည်ဖော်လာအောင် ကြိုးစားသွားမှာပါ။ လွှတ်တော်အမတ်တွေနဲ့ သီးသန့်တွေ့ ဆုံဆွေးနွေးနိုင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဖိုရမ်မှ ထွက်ပေါ်လာသည့် အကြံပြု တင်ပြချက်များကို မလေးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ပြည်သူ့ ဖိုရမ်တွင် ဆက်လက်ဆွေးနွေး မည် ဖြစ်သည်။