တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ် နေသည့် အကြမ်း ဖက်မှု ဖြစ်စဉ်များ၊ ခြိမ်းခြောက်ခံ နေရသည့် ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံသည် လည်းတစ်နိုင်ငံ လုံး၏ လုံခြုံရေးကို အဝါရောင်အဆင့် ဆက်လက်သတ်မှတ် ထားဆဲဖြစ် သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ်စိုးမြိုင်က "ကျွန်တော်တို့ရထားတဲ့ သတင်းတွေအရ လုံခြံုရေးအခြေအနေက normal (ပုံမှန်)တော့မဟုတ်ဘူး၊ ဒါကြောင့် အဆင့်ငါးဆင့်ထဲက အဝါရောင်အဆင့် အခုထိ ဆက်ထားတာပါ’’ ဟု တယ်လီဖုန်းမှ တစ်ဆင့်ဖြေကြားသည်။
လုံခြုံရေးကို အဆင့်ခွဲခြားသတ်မှတ်မှုအရ အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင်၊ လိမ္မောရောင်နှင့် အနီရောင်ဟူ၍ ငါးမျိုးခွဲခြားသတ်မှတ်ထားသည်။
သို့သော် လုံခြုံရေးအတွက် အသုံးပြုထားသည့် အင်အားစာရင်းကိုမူ ပြောကြားရန် ငြင်းဆိုသော်လည်း နယ်စပ်များတွင် လေကြောင်း၊ ရေကြောင်းမှ ဝင်လာနိုင် သည့် အန္တာရာယ် များကို ကြိုတင် ကာကွယ်ထား သည်ဟု ဆိုသည်။
အဆိုပါ အဝါရောင်အဆင့်ကို ပြီးခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ နိုဝင်ဘာလ ၁ ရက်မှစတင်၍ ထားရှိခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အကြမ်း ဖက်မှု အခြေအနေ များကြောင့် ဆက်လက် ထားရှိခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။
နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က "ကြောက်စရာရှိလို့ လုပ်တာမဟုတ်ဘူး၊ ကမ္ဘာလုံးဆိုင်ရာ အခြေအနေ တွေကြောင့် ပါ’’ ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေးကို ဦးဆောင် တာဝန်ယူခဲ့သူလည်းဖြစ်သူ ရဲမှူးကြီး ဇော်ခင်အောင်က အကြမ်းဖက်မှု များဖြစ်ပွားနိုင်သည်၊ မဖြစ်ပွားနိုင်သည် ဆိုသည်ထက် သတိအနေအထားဖြင့် စောင့်ကြည့်ရမည့် အခြေအနေ ဟုလည်း ပြောကြားသည်။
၎င်းက "ဖောက်ခွဲဖျက်စီးမှုနဲ့ ပတ်သတ်တဲ့ သတင်းတွေ ကြားတာရှိရင် ပြည်သူလူထု အနေနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို သတင်းပေးပို့ပါလို့ မေတ္တာရပ်ခံ ပါတယ် ’’ ဟု ပြောကြားသည်။