ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကုလသဂ္ဂနှင့် အစိုးရ မဟုတ်သော အကူအညီပေးရေးအဖွဲ့ (NGO) များ၏ အကူအညီများ ရပ်ဆိုင်းခဲ့သဖြင့် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပြတ်လတ်မှု များ ဖြစ်လာနိုင်သည်ဟု ကချင်ဒုက္ခသည်များ ကူညီပေးနေသူများက မဇ္စျိမကို ပြောသည်။
ထိုအဖွဲ့များသည် စစ်ပြေး ဒုက္ခသည်များအတွက် အရေးပေါ် အကူအညီပေးနိုင်ရန်အတွက် ဒေသ အကူအညီပေးရေး အဖွဲ့စည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းအကူအညီပေးရေး အဖွဲ့များက ဆန်၊ အစားအသောက်နှင့် ဆန်မပို့ပေးနိုင်သော ဒေသအတွင် ရိက္ခာအတွက် ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်နေသည်ဟု မေတ္တာဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဆိုင်းစမ်ခမ်းက မဇ္စျိမကို ပြောသည်။
“အောက်တိုဘာလ ကတည်းကနေ ယူအန်ရဲ့ အကူအညီက ကေအိုင်အိုထိန်းချုပ်တဲ့ ဧရိယာမှာရှိတဲ့ စခန်းတွေကို စားနပ်ရိက္ခာနဲ့ အကူအညီတွေပေးဖို့ ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ကလည်း အဲဒီယဉ်တန်းမှာပါဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ နယ်မြေ အခြေအနေ၊ စစ်ရေးတင်းမာတာတွေ ရှိနေတော့ မသွားနိုင်ဘူး၊ တချို့နေရာမှာဆိုရင် စားနပ်ရိက္ခာ တလစာကျန်သေးတယ်။ တချို့နေရာမှာဆိုရင် ၁၅ ရက်စာပဲ ကျန်တော့တယ်။ စသဖြင့် အဲဒီလို အခက်အခဲတွေ ဖြစ်နေတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် လက်ရှိ စစ်ရေးအခြေအနေ တင်းမာနေသဖြင့် ကုလသမဂ္ဂ အကူအညီများ ပေးပို့နိုင်ခြင်း မရှိသဖြင့် ဒုက္ခသည်များအတွက် အခက်အခက်များ ကြံုနိုင်မည့် အခြေအနေ ရှိသဖြင့် ၎င်းတို့ ပူးပေါင်း အကူအညီပေးရေး အဖွဲ့အစည်းများက ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှုများ ရှိနေသည်ဟု သူက ပြောသည်။
“ယူအန်ကလည်း မသွားနိုင်ဘူးဆိုရင်တော့ တော်တော်လေး အခက်အခဲ ကြံုဖို့ အနေအထားရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပူးပေါင်း အဖွဲ့က ယူအန်တို့ နိုင်ငံတကာ အဖွဲ့တွေနဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ရိက္ခာပြတ်လပ်တဲ့အထိ မဖြစ်ရအောင် ဘယ်လိုဝိုင်းပြီး အားဖြည့်ကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်နေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အနေအထားမျိုးလည်း လုပ်နေပါတယ်။ လိုတဲ့နေရာကို ရောက်အောင် ကျွန်တော်တို့ ပို့ဖို့ ကြိုးစားနေပါတယ်”ဟု သူက ဆက်ပြောသည်။
ဒီဇင်ဘာလ ၃ ရက်တွင် ကမ္ဘာ့ကုသမဂ္ဂ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများ ရောက်လာမည်ဟု အကြောင်းကြားခဲ့သော်လည်း ရောက် လာခြင်း မရှိသဖြင့် ဒေသတွင် အစိုးရ မဟုတ်သော အကူညီပေးရေး အဖွဲ့များဖြစ်သော မေတ္တာဖောင်ဒေးရှင်း၊ ကရုဏာအဖွဲ့၊ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ဝုန်ပေါင်နိင်ထွဲ (WPN တို့၏ အကူအညီဖြင့်သာ ဖြေရှင်းပေးနေရသည်ဟု ကချင်စစ်ပြေးဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ၏ တာဝန်ခံ ဆလန်ကဘာဒွဲပီဆာက ပြောသည်။
“ဒေသတွင်း NGO တွေ ပေးနေတယ်။ အန်ဂျီအိုတွေ မရောက်တော့တဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းနေရ တယ်။ ယူအန်က ဒီဇင်ဘာလ ၃ ရက်နေ့ ရောက်လာမယ်လို့ပြောတာ ခုထိ ဘာမှ အကြောင်း မပြန်လာတော့ဘူး။ သတင်းလည်း မကြားတော့ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ယခုထိ ကုလအကူအညီပေးရေး အဖွဲ့အစည်းများသည် လိုင်ဇာနှင့် မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအတွက် ဆန်နှင့် အိမ်တွင်းသုံးပစ္စည်းများ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကုလအကူအညီဖြင့် လိုင်ဇာ ဒုက္ခသည်စခန်း အတွင်းရှိ နေအိမ်ပေါင်း ၁၀၀၀ကျော် ပြန်လည် ဆောက်လုပ်ပေးနေဆဲ ဖြစ်ပြီး ထိုအထဲမှ ထက်ဝက်ခန့်သာ ဆောက်လုပ်ပြီးဖြစ်သည်ဟု သူက ပြောသည်။
“အောက်တိုဘာလ ၂၇ ရက်မှာလာမယ်ဆိုပြီး မလာတော့ဘူး။ အစားအသောက်ကတော့ သိပ်မခက်ဘူး။ အချိန်ကြာလာရင်တော့ တခြားနည်း လမ်းပြန်ရှာရမျာပေါ့။ အိမ်ဆောက်တာလည်း မပြီးသေးဘူး၊ ၂၀၁၅ ခု မတ်လမှာ ပြီးအောင် ဆောက်ပေးမယ်လို့တော့ ပြော တယ်” ဟု သူက ပြောသည်။
KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော်ရှိနေသည်ဟု ဆလန်ကဘာဒွဲပီဆာ က ပြောသည်။
လက်ရှိ မိုင်ဂျာယန်ရှိ စစ်ပြေး ဒုက္ခသည်များသည် ဆောင်းရာသီဖြစ်၍ အနွေးထည်များ လိုအပ်နေသည်ဟု ဒုက္ခသည်များကို သွားရောက် ထောက်ပံ့ပေးနေသော ဝုန်ပေါင်နင်ထွဲ (WPN) မှ ကိုဇိုင်းဒူက မဇ္စျိမကို ပြောသည်။