မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများ တောင်းဆိုထားသည့်အတိုင်း အစိုးရက တစ်ပတ်အတွင်း ညှိနှိုင်းမပေး၍ အရှိန်မြင့် ဆန္ဒပြမှုများကို ဒီဇင်ဘာလ ၁၁ရက်တွင် စတင် ပြုလုပ်ခဲ့သည်ဟု မိကျောင်းကန် သပိတ်စခန်းမှ ဒေါ်ကံကြည်က မဇ္စျိမကို ပြောသည်။
တောင်းဆိုမှု တစ်ပတ်ပြည့်မြောက်သည့် ဒီဇင်ဘာလ ၁၁ရက် နံနက် ၁၀ နာရီတွင် ဆူးလေးဘုရား၌ ဆုတောင်း၊ သစ္စာဆိုခြင်းနှင့် မြို့တော်ခန်းမရှေ့ကို မျက်နှာမူကာ လူအင်အား ၁၅၀ ၀န်းကျင်ဖြင့် ကြွေးကြော် ဆန္ဒပြကာ ယခင်သပိတ်စခန်းဖွင့် လှုပ်ရှားမှုကို အရှိန်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
မိကျောင်းကန်သပိတ်စခန်းမှ ဒေါ်ကံကြည်က “အခုလာညှိနှိုင်းရင် လာညှိနှိုင်း လာမညှိနှိုင်းရင် နေ့တိုင်းပဲ ဆန္ဒထုတ်ဖော်မယ်။ ဘယ်ကိုတော့ မပြောတတ်သေးဘူး” ဟု ပြောသည်။
အဆိုပါ မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်နေသူများက မိမိတို့သိမ်းဆည်းခံရသည့် မြေကို လည်းကောင်း၊ အလားတူ ကာလတန်းဖိုးရှိသည့် နစ်နာကြေးကိုလည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးရာ တွင် တောင်းဆိုခြင်းဖြစ်ပြီး ယင်းသပိတ်စခန်းနေသူများက ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့များသို့ အိုးအိမ်မြေယာအရေး ညှိနှိုင်းဆွေးနွေးပေးရန် ဒီဇင်ဘာလ ၄ရက်တွင် စာပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးမှုများအတွက် တစ်ပတ်စောင့်ဆိုင်းသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ သတ်မှတ်ကာလ အချိန်အတွင်း ညှိနှိုင်းဆွေးနွေး အဖြေရှာမှုများ ပီပြင်စွာ ဖြစ်ပေါ်လာခြင်းမရှိပါက လူထုလှုပ်ရှားမှု ပုံသဏ္ဍန်အမျိုးမျိုးဖြင့် ညှိနှိုင်းရေး ပီပြင်စွာ ဖြစ်ပေါ်လာစေရန် အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ဒီဇင်ဘာ ၃ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုသို့ အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် ဒီဇင်ဘာ ၃ ရက်တွင် မိကျောင်းကန်ဒေသခံ ၂၈၁ဦးအနက် ဒေါ်ကံကြည်၊ ဒေါ်စောသိန်း၊ ဒေါ်ကြည်ဝင်း၊ ဒေါ်အေးမိ၊ ဦးခင်မောင်မြင့်၊ ဦးခင်မောင်မြင့်နှင့် ဦးမောင်မောင်တို့ ၆ ဦးဖြင့် ညှိနှိုင်းရေးကော်မတီ အဖြစ် ဖွဲ့စည်းထားသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်းသုံးကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခု မဟာဗန္ဓုလ ပန်းခြံဘေး၊ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့တွင် ဖွင့်လှစ်ထားသည့် သပိတ်မှာ ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၉ လခန့် ရှိနေပြီဖြစ်သည်။ ယင်း ၉ လအတွင်း သပိတ်စခန်း ဖွင့်သူများ၏ တောင်းဆိုချက်များ ကို ဖြေရှင်းပေးမှု မရှိသော်လည်း သပိတ်ခေါင်းဆောင် ဦးစိန်သန်းကိုမူ ဖမ်းဆီးထောင်ချထားသည်။