မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် သုံးစွဲနေမှု ပြဿနာများကို အစိုးရ သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ကိုင်တွယ်နိုင်မှု အားနည်းနေသေးကြောင်း ချောင်းဆုံ မဲဆန္ဒနယ်မှ မွန်ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက ဒီဇင်ဘာလ ရ ရက်တွင် ကျင်းပသည့် ဒသမအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေး ၌ မေးခွန်းမေးခဲ့သည်။
“ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မွန်ပြည်နယ် ခရီးစဉ် မှာတုန်းကလည်း မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်တာတွေ များနေတဲ့ ကိစ္စကို တိတိကျကျ ကိုင်တွယ် ဖြေရှင်း ပေးဖို့ ကျွန်တော် တင်ပြ ခဲ့ပါတယ်" ဟု ဒေါက်တာ အောင်နိုင်ဦးက ဒီဇင်ဘာလ ၈ ရက်တွင် မဇ္စျိမကို ပြောသည်။
ပြည်နယ်အစိုးရ သုံးနှစ် သက်တမ်းအတွင်း၌ ပြည်နယ်အတွင်း ထူပြောစွာ ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များအား နိုင်နိုင်နင်းနင်း ကိုင်တွယ် ဖြေရှင်းနိုင်သေးခြင်း မရှိဘဲ လက်ရှိတွင် မွန်ပြည်နယ်၌ လူငယ်ထုများအကြား မူးယစ်ဆေးဝါး ရောင်း ဝယ် ဖောက်ကားမှုနှင့် သုံးစွဲနေမှုမှာ ကျယ်ပြန့်စွာ ပေါ်ပေါက်နေကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။
ထိုသို့ မူးယစ်ဆေးဝါး အမှုအား ကိုင်တွယ်နိုင်မှု အားနည်းနေခြင်းမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းဆိုင်ရာ သတင်း အချက်အလက် ရနိုင်မှု အားနည်းခြင်း၊ ဖမ်းဆီးရေး အဖွဲ့ဝင် အင်အားနည်းခြင်းနှင့် ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည့် မူးယစ်ဆေး ဝါး ရောင်းဝယ်ရေး စျေးကွက်၊ သုံးစွဲသူများအကြား ဝင်ရောက် သတင်းအချက်အလက် ယူနိုင်မှု အားနည်းချက်များကြောင့် ဖြစ်သည် ဟု မော်လမြိုင်ခရိုင် မှုခင်းအကူဌာနမှ ရဲအုပ် ကျော်နီထွန်းက မဇ္စျိမကို ဒီဇင်ဘာလ ၈ ရက်တွင် ပြောသည်။
“ဒီကိစ္စက အရမ်းကို လျှို့လျှို့ဝှက်ဝှက် လုပ်တော့ သူတို့ လူဦးရေ အချိုးနဲ့ ကျွန်တော်တို့ ဖမ်းဆီးရေး အဖွဲ့ဝင် အချိုးနဲ့က သူတို့က များနေတဲ့ အချိန်မှာ ကျွန်တော်တို့ အတွက် အချက်အလက်တွေက စုဆောင်းရတာ ခက်ခဲတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် ဒီလူတန်းစား ပေါင်းစုံ ပူးပေါင်း ပါဝင်ပြီးတော့ အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ လုပ်ဆောင်မှ အဆင်ပြေနိုင်မယ်” ဟု ရဲအုပ် ကျော်နီထွန်းက ဆိုသည်။
မွန်ပြည်နယ်အတွင်း၌ မူးယစ်ဆေးဝါးများမှာ လွယ်လွယ်ကူကူ ဝယ်ယူ ရရှိနိုင်ပြီး စျေးကွက်များ ကျယ်ပြန့် နေခြင်းကြောင့် လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှုများ မြင့်မားနေကာ အထူးသဖြင့် စိတ်ကြွဆေးအား အသုံးများကြောင်း ကျိုက်မရော မြို့ခံ တစ်ဦးက မဇ္စျိမ ပြောသည်။
“ရှာရ လွယ်တော့ တက္ကသိုလ် ကျောင်းသားတွေကအစ ရွာလူငယ်တွေ အဆုံး သုံးနေကြတာပဲ၊ စျေးကွက် ကြီးကြီး တစ်ခုလိုပဲ ရောင်း ဝယ် နေကြတယ်၊ ဖမ်းတုန်း ခဏ လျော့သွားလိုက်၊ နောက်ပြီး ပြန်ရောင်းကြ ပြန် သုံးကြ အဲလို မျိုးတွေရှိတယ်” ဟု အမည် မဖော်လိုသည့် ကျိုက်မရော မြို့ခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ် အတွင်း၌ စိတ်ကြွဆေးတစ်ပြားကို လက်ကားစျေး ကျပ်ငွေ သုံးထောင်မှ ငါးထောင် ဝန်းကျင် ကြားတွင် ရှိသည်ဟု ၎င်းက ဆိုသည်။
မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက်ကပင် “မိုးကြိုး” စီမံချက်ဖြင့် မူးယစ်ဆေးဝါး ရောင်း ဝယ် ဖောက်ကား သုံးစွဲမှုများကို စီမံချက်ဖြင့် တိုက်ဖျက်နေသော်လည်း ထိရောက်မှု အားနည်းနေခြင်းကို ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြ ပြောဆို ခဲ့သည်။
မိုးကြိုး စီမံချက်အရ မော်လမြိုင် မြို့နယ်နှင့် သထုံ မြို့နယ် တို့တွင် တပ်စွယ် တစ်ဖွဲ့ဆီ ထားရှိပြီး၊ တပ်ဖွဲ့စု အမှတ် (၃၈) နှင့် (၃၉) တို့အားလည်း မွန်ပြည်နယ်အတွင်း ဖြန့်ကျက်ချထားကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လွှတ်တော်၌ ဖြေဆိုထားသည်။
မွန်ပြည်နယ်၌ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စ၍ နိုဝင်ဘာလ (၂၄) ရက်နေ့ အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ မှုပေါင်း (၁၅၀) ကြိမ် ရှိကာ ဆေးခြောက်မှု (၁၈) မှု၊ စိတ်ကြွဆေးမှု (၁၃၀) မှုနှင့် အိုက်စ် ခေါ် ခရစ်စတယ်ခဲ (၂) မှု စုစုပေါင်း (၁၅၀) နှင့် တရားခံ ကျား (၁၉၅) ဦး မ (၁၇) တို့အား ဖမ်းဆီးရမိထားပြီး ဖြစ်သည်ဟု မွန်ပြည်နယ် နယ်စပ်ကာကွယ်ရေးနှင့် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က လွှတ်တော်၌ ဖြေကြား ထားသည်။