၂၀၁၄ ခုနှစ်အတွင်း မြန်မာ-လာအို နှစ်နိုင်ငံပေါင်း ဘိန်းစိမ်း ရ၆၂ တန် ထွက်ရှိမည်ဖြစ်ပြီး ၎င်း ပမာဏအနက် အများစုကို ဘိန်းဖြူအဖြစ် ပြောင်းလဲထုတ်လုပ်လျှင် ဘိန်းဖြူစုစုပေါင်း ရ၆ တန်ထွက်မည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနှင့် လာအိုနှစ်နိုင်ငံတွင် ၂၀၁၃ခုနှစ်က ဘိန်းခင်း စုစုပေါင်း ၆၁,၂၀၀ ဟက်တာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း ၆၃၈၀၀ဟက်တာအထိ မြင့်တက်ခဲ့ပြီး နှစ်နိုင်ငံ ဘိန်းစိုက်ပျိုးမှုမှာ ရှစ်နှစ်ဆက်တိုက် တိုးမြင့်လျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
UNODC ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၄ခုနှစ်တွင် တန် ၃၇၀၊ ၂၀၀၅ တွင် တန် ၃၁၀၊ ၂၀၀၆ တွင် တန် ၃၂၀၊ ၂၀၀၇ တွင် တန် ၄၆၀၊ ၂၀၀၈ တွင် တန် ၄၁၀၊ ၂၀၀၉ တွင် တန် ၃၃၀၊ ၂၀၁၀ တွင် တန် ၅၈၀၊ ၂၀၁၁ တွင် တန် ၆၁၀၊ ၂၀၁၂ တွင် တန် ၆၉၀၊ ၂၀၁၃ တွင် တန် ၈၇၀၊ ၂၀၁၄ တွင် တန် ၆၇၀ ရှိခဲ့သည်။ ထို့ကြောင့် ဆယ်နှစ်အတွင်း ၂၀၀၅ ခုနှစ်သည် ဘိန်းထုတ်လုပ်မှု တန်ချိန် ၃၁၀ ဖြင့် အနိမ့်ဆုံး စံချိန်တင်ခဲ့သည်။
"ရွှေတြိဂံဒေသမှာ ဓာတုဗေဒပစ္စည်းတွေဝင် ဘိန်းဖြူပြန်ထွက်တဲ့ အခုလိုနှစ်လမ်းသွား ကုန်သွယ်မှုစနစ်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို သိသိသာသာ စိန်ခေါ်နေပါတယ်" ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဂျယ်ရမီဒေါက်ဂလတ်စ် က ပြောသည်။
ရွှေတြိဂံဒေသတွင်း ဘိန်းစိုက်ပျိုးမှု စုစုပေါင်း၏ ၈၉ ရာခိုင်နှုန်းသည် လက်နက်ကိုင် အဖွဲ့အစည်းများ ကြီးစိုးထားသည့် မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်မှဖြစ်ပြီး လာအိုနိုင်ငံတွင်မူ မြောက်ဘက်အရပ်ရှိ ဖုန်ဆာလီ၊ ဆင့်ခွမ်နှင့် ဟွားဖန့် ပြည်နယ်များတွင် ဘိန်းစိုက်ပျိုးနေကြောင်း
အစီရင်ခံစာက ဖော်ပြသည်။ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၌ ထိပ်တန်းအဆင့်တွင် ဆက်လက် ရပ်တည်နေပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်သောနိုင်ငံ ဖြစ်နေသည် ဟု ဆိုသည်။
ထိုသို့ မြန်မာနိုင်ငံအတွင်း ဘိန်းဖြူထုတ်လုပ်မှု မြင့်တက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ပအိုဝ်းလူငယ်အစည်းအရုံး၊ စီမံကိန်းဆိုင်ရာတာဝန်ခံ ကိုခွန်ဦးက ဗဟိုအစိုးရအနေဖြင့် ဘိန်းပပျောက်ရေး လုပ်ငန်းကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်နိုင်ရန်
မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ပြစ်မှုပြစ်ဒဏ် ချမှတ်ခြင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများထံသို့ လုပ်ပိုင်ခွင့်အပြည့်အဝ ပေးရန်လိုအပ်ကြောင်း မဇ္စျိမကိုပြောသည်။
"တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ချုပ်ဆိုထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်" ဟု ကိုခွန်ဦးက ဆိုသည်။
၂၀၁၅တွင် အာဆီယံဒေသတွင်းနိုင်ငံများအနေဖြင့် ဘိန်းကင်းမဲ့ဇုန်အဖြစ် ရပ်တည်ရန် မဟာဗျူဟာ ချမှတ်ထားသောကြောင့် မြန်မာနိုင်ငံသည် ဘိန်းကင်းစင်ရေးအတွက် ၂၀၁၉ ခုနှစ်အထိ စီမံချက် ထား ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။