မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ပေါက်မြိုင်ကျေးရွာ အုပ်စုတွင် နွေစပါးစိုက်ပျိုးရန် ချေးငွေမရရှိသေး ၍ တောင်သူများ အခက်အခဲများ ဖြစ်နေသည်ဟု ဒေသခံတောင်သူများက မဇ္ဈိမကို ပြောသည်။
“မိုးကြိုစပါးရိတ်ပြီးလို့ နောက်တစ်သီး စိုက်ဖို့ထွန်နေပြီ။ ဒီနေ့အထိ ချေးငွေမရသေးဘူး။ ချေးငွေမရတော့ အပြင်က ချေးပြီး လုပ်နေရတယ်။ အဲဒီလိုယူပြီး လုပ်ရတော့ ကျွန်တော်တို့မှာ အကြွေးတင်တယ်။ သူတို့က အချိန်မီ ထုတ်မပေးနိုင်တော့ အကြွေးပေါ်အကြွေးဆင့်နေတယ်။ အခုရိတ်ပြီးတဲ့ စပါးကလည်း စျေးမ ကောင်းတော့ အရင်းပဲရကြတယ်” ဟု ပေါက်မြိုင်ကျေးရွာမှ တောင်သူ ဦးကျော်လင်းက မဇ္ဈိမကို ပြော သည်။
ယခင်နှစ်များက နွေစပါးစိုက်ပျိုးရန် အောက်တိုဘာလတွင် ထုတ်ပေးသော်လည်း ယခုနွေစပါးစိုက်ပျိုးရန် ချေးငွေ မှာ ယနေ့အချိန်ထိ မရရှိသေးခြင်းဖြစ်သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီ ထုတ်မပေးနိုင်သည်နှင့် ပတ်သက်၍ ပေါက်မြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က “ဟုတ်ပါတယ်။ ချေးငွေပေးတာ နောက်ကျနေတယ်။ အစိုးရက ကျွန်တော်တို့ဆီ ချမပေးသေးတာပါ။ ဘာကြောင့် နောက်ကျတယ်ဆိုတာ ကျွန်တော်တို့ကို အကြောင်းကြားထားတာ မရှိဘူး။ ကျွန်တော့် အုပ်စုအနေနဲ့ ချေးငွေ ပြန်မသွင်းနိုင်တဲ့သူ မရှိဘူး။ အားလုံးသွင်းပြီးသားပါ။ ကျွန်တော်လည်း မြို့နယ်ကို ပြောထားတယ်။ ဘာကြောင့် အခုလိုဖြစ်တယ်ဆိုတာ ကျွန်တော်လည်းမသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါမြို့နယ်တွင် မနောသုခ၊ ဧရာမင်းနှင့် မဂျမ်းတောများသာစိုက်ပျိုးပြီး တစ်ဧကတင်း ၆၀ ခန့်သာထွက်၍ စပါးတစ်တင်းလျှင် ကျပ် ၄,၂၀၀ သာရသည်ဟု ဆိုသည်။
စိုက်ပျိုးစရိတ် အချိန်မီမရ၍ စိုက်ပျိုးရန်ခက်ခဲသော ပေါက်မြိုင်အုပ်စုမှ ကျေးရွာများမှာပေါက်မြိုင်၊ လှိုင်းပေါက်၊ မြောင်းဦးနှင့် ကြံခင်းကျေးရွာတို့ ဖြစ်သည်။