အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာ အများဆုံးဖြစ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာ အများဆုံးဖြစ်
by -
မဇ္စျိမ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာများတွင် အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာအများဆုံး ဖြစ်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မှ ပြောရေးဆိုခွင့်ရှိသူ ဦးသန်းအောင်က ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင်ဖွဲ့စည်း ချိန်မှစ၍ သြဂုတ်လထိ တိုင်ကြားစာပေါင်း (၅၃၃) စောင် ရောက်ရှိခဲ့ပြီး ထိုတိုင်ကြားစာများတွင် မြေယာ ၁၇၀ မှု၊ တရားရေး ၉၅ မှု၊ အုပ်ချုပ်ရေး ၂၃၈ မှုနှင့် အထွေထွေအမှု ၃၀ တို့ ဖြစ်သည်ဟု ဆိုသည်။

“သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ ပြည်နယ်အစိုးရတွေ၊ ပြည်ထောင်စု အစိုးရတွေကို လွှဲပြောင်းပေးပြီးပါပြီ။ ဒီထဲကနေမှ သူတို့ ဖြေရှင်းပေးပြီးတဲ့ ကိစ္စတွေကိုလည်း ကျွန်တော်တို့ ဆီကို အကြောင်းပြန်ပါတယ်" ဟု ဦးသန်းအောင်က ပြောသည်။

အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အရပ်ဖက်အဖွဲ့အစည်း (၁၈) ခုဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ မှ ကော်မတီဝင် ကိုကောင်းကောင်းက “ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးတယ်ဆိုတဲ့ မြေယာပြဿနာထက်တောင် အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး တိုင်ကြားစာက များနေသေးတယ်။ အုပ်ချုပ်ရေးပိုင်းမှာ မမျှတမှုတွေ ရှိနေတယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

လက်ရှိအချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်း၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ အဆိုပါ ဥပဒေကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှ စ၍ အာဏာသက်ရောက်ရမည်ဟု နိုင်ငံတော် သမ္မတက အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။

Most read this week