လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ ပြင်သစ် စောင့်ကြည့်နေဟုဆို

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ ပြင်သစ် စောင့်ကြည့်နေဟုဆို
by -
မဇ္စျိမ

 လာမည့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိပြီး အားလုံး ပါဝင်သည့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်မဖြစ် ပြင်သစ်နိုင်ငံအနေဖြင့် စောင့်ကြည့်နေဟု ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြင်သစ် ဘာသာစကား ထွန်းကားပျံ့ပွားရေး ဝန်ကြီး Mrs. Annick Girardin က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြင်သစ် ဘာသာစကား ထွန်းကားပျံ့ပွားရေး ဝန်ကြီးက ရန်ကုန်မြို့ ပြင်သစ် သံရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Mrs. Annick Girardin “၂၀၁၅ ခုနှစ်ဟာ အရေးကြီးတဲ့နှစ်ဖြစ်တာ အားလုံး သိပြီးသားပါ။ ပြင်သစ်က လာမယ့် (၂၀၁၅) အထွေထွေ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အမြဲတမ်း သတိထားပြီး စောင့်ကြည့် နေပါတယ်။ လာမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး၊ အကုန်လုံးပါဝင်တဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတွက် ပြင်သစ်ပြည်က စောင့်ကြည့်နေပါတယ်" ဟုဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေများ တုံ့ဆိုင်းနေခြင်းနှင့် ပတ်သက်၍လည်း မဇ္စျိက ပြင်သစ်နိုင်ငံ၏ သဘောထားကို မေးမြန်းရာ ၎င်းက “ဖြစ်လာမယ် မဖြစ်လာဘူး ဝေဖန်မယ့်အစား အကောင်းမြင်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခန်းကဏ္ဍ ပိုပြီးကောင်းလာအောင်ပဲ သွားချင်ပါတယ်" ဟု ဆိုလိုက်သည်။

ပြင်သစ်နိုင်ငံ အနေဖြင့် လာမည့်ရွေးကောက်ပွဲ အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်နေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေသည်ဟုလည်း ပြောကြား လိုက်သည်။

၂၀၁၅ တွင် ပြင်သစ်နိုင်ငံ၏ အကူအညီပေးမှု ယူရို မီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁၂၃ သန်းကျော်) အထိ ရှိမည်ဟု ဆိုသည်။

ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ အကူအညီ ပေးနေမှုများကို ပြုလုပ်လျှက်ရှိပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် အကူအညီ ပေးမှုကို တိုးမြှင့်သွားမည်ဖြစ်ပြီး ယူရို မီလီယံ ၁၀၀ အထိ ကူညီမည်ဟုလည်း Mrs. Annick Girardin က ပြောသည်။

ပြင်သစ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ကူညီပေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ ရေနှင့် မိလ္လာစနစ်၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် မီဒီယာ၊ အုပ်ချုပ်ရေး၊ လူမှု အဖွဲ့အစည်းများနှင့် ကျားမရေးရာကဏ္ဍ၊ လူသားတို့ အကျိုးစီးပွားအတွက် ကူညီထောက်ပံ့ပေးခြင်း စသည့် နယ်ပယ်များတွင် အကူအညီ ပေးနေသည်။ ယင်းအပြင် အတိုးနှုန်း အနည်းငယ်ဖြင့် ကူညီထောက်ပံပေးသည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်သည်။

ကူညီထောက်ပံ့မှုများသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုပေါ် မူတည်ပြီး သက်ရောက်မှု ရှိနိုင်မည်လားဆိုသည့် သတင်းမီဒီယာ တစ်ခု၏ မေးခွန်းနှင့် ပတ်သက်ပြီး Mrs. Annick Girardin က “၂၀၁၅ မှာ အကူအညီ တိုးပေးတဲ့ အပိုင်းမှာ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက (AFC)က တစ်ဆင့်ပဲ သွားပါမယ်။ အတိုးနှုန်းနည်း ငွေချေး လုပ်ငန်းလုပ်မယ်" ဟု ဆိုသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်သစ်က ရင်းနှီးမြှုပ်နှံသည့် ပမာဏမှာ ယူရို ၂၉ မီလီယံ (အမေရိကန်ဒေါ်လာ ၃၅မီလီယံကျော်)ဖြစ်သည်။ ပြင်သစ်၏ ကျန်းမာရေး အကူအညီ ပေးမှုများ၏ ၉၀ ရာခိုင်နှုန်းမှာ AIDS ရောဂါ၊ ဌက်ဖျားရောဂါနှင့် အဆုတ်ရောဂါတို့ အတွက် ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြင်သစ် ဘာသာစကား ထွန်းကားပျံ့ပွားရေး ဝန်ကြီး Mrs. Annick Girardin၏ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်းသို့လည်း သွားရောက်ခဲ့ပြီး နည်းပညာဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းအပြင် ပြင်သစ်အင်စတီကျူမှ ကျောင်းသားများ၊ ပြင်သစ်က ကူညီထောက်ပံ့မှု ပါဝင်သည့် Myanmar Journalism Institute (MJI - မြန်မာ သတင်းပညာသိပ္ပံ) မှ ကျောင်းသားများနှင့်လည်း တွေ့ဆုံ ခဲ့သည်။ ရန်ကုန်တိုင်း ဒလမြို့နယ် သို့လည်း သွားရောက်ကာ ပြင်သစ်နိုင်ငံမှ NGO များ၏ အကူအညီပေးမှု များနှင့် ပတ်သက်၍လည်း သွားရောက် ကြည့်ရှုမည် ဖြစ်သည်။

ယင်းအပြင် ဒီဇင်ဘာ ၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ-အာဆီယံ အမျိုးသမီး ဖိုရမ်၂၀၁၄ သို့လည်း တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောမည် ဖြစ်သည်။

Most read this week