အလုပ်သမား အခွင့်အလမ်း လက်တွေ့ဖော်ဆောင်ရန် အလုပ်ရုံဆွေးနွေးပွဲ လစဉ်ပြုလုပ်မည်

အလုပ်သမား အခွင့်အလမ်း လက်တွေ့ဖော်ဆောင်ရန် အလုပ်ရုံဆွေးနွေးပွဲ လစဉ်ပြုလုပ်မည်
by -
မဇ္စျိမ

 အလုပ်အကိုင် အခွင့်အလမ်းများ လက်တွေ့ဖော်ဆောင်ပေးရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကဏ္ဍ ၉ ခုဖြင့် ဆွေးနွေးသွားမည်ဟု အစိုးရအဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် စက်မှုလက်မှုကဏ္ဍ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ လုပ်ငန်းအဖွဲ့က ဒီဇင်ဘာလ ၃ ရက် ပြုလုပ်သည့် တတိယမြောက် အလုပ်ရုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ လက်တွေ့ အသုံးချမှုအလုပ်ရုံဆွေးနွေးပွဲကို ရန်ကင်းမြို့နယ် အလုပ်သမားသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနနှင့် ဝန်ကြီးဌာန အချို့မှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)နှင့် နိုင်ငံတကာ အလုပ်သမား ရေးရာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ဘယ်လိုအလုပ်အကိုင် အခွင့်အရေးတွေ ရနိုင်လဲ ဆိုတာ စဉ်းစားဖို့လိုလာပြီ။ ဒါ့အပြင် အသက်မွေးဝမ်းကြောင်းမှု သင်တန်းနဲ့ ပညာရေးကျောင်းတွေ ဘယ်လိုဆက်စပ်မလဲ၊ လုပ်ငန်းခွင်မှာ အရည်အသွေးရှိတဲဲ့ အလုပ်သမားတွေကို ဘယ်လို မွေးထုတ်ရမလဲဆိုတဲ့အချက် တွေလိုအပ်လာပြီဖြစ်တဲ့ အတွက် အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို လတိုင်းပြုလုပ်သွားတော့မှာပါ”ဟု ပြောသည်။

အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေးအတွက် အမျိုးသားဦးစားပေး ကဏ္ဍများ ဖော်ဆောင်ရန်၊ မြန်မာနိုင်ငံအခြေအနေနှင့် လိုက်လျှောညီသည့် စွမ်းဆောင်ရည်ရှိသော အလုပ်တစ်ခု ဖန်တီးပေးရန်၊ အလုပ်သမား စျေးကွက် အချက်အလက်စနစ် ထူထောင်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အလုပ်အကိုင် အကျိုးကျေးဇူး အမြင့်ဆုံးရရှိအောင် ပြုလုပ်ပေးရန် စသည့် အချက်များ ပါဝင်သော ကဏ္ဍ ၉ ခုအား လစဉ် ကဏ္ဍာတစ်ခုချင်းစီ ဆွေးနွေးကြမည်ဖြစ်သည်။  

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးက “အလုပ်သမား ထုတ်လုပ်မှုကလည်း အရေးကြီးလာပြီးဆိုတော့ အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်ပြီး ဘာတွေရှိမလဲဆိုတာ ထည့်သွင်းဆွေးနွေးသွားသင့်ပါတယ်” ဟု အဆိုပါ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။