နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) ကို ပြည်တွင်းပြည်ပ အမည်ပျက်စာရင်း သွင်းထားသူများ လျောက်ထားခွင့် မရှိသည့်အပြင် လျောက်ထားမှုအပြီး ပြန်လည်ခွင့်ပြုမည့် ကာလအတိအကျ သတ်မှတ်ထားခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဒီဇင်ဘာ ၃ရက်တွင် မဇ္စျိမကိုပြောသည်။
"PR လျောက်တဲ့သူတွေကို ပညာရှင်တွေ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပညာရှင်တွေနဲ့ ပူးပေါင်း စိစစ်ခွင့်ပြုမှာ အဲဒီအတွက် ခွင့်ပြုဖို့ စိစစ်ချိန်ကို အတိအကျပြောလို့မရဘူး။ လျောက်တဲ့သူတွေပေါ်မှာ မူတည်ပါတယ်"ဟု ၎င်းကဆိုသည်။
ထို့ပြင် နိုင်ငံရေးခိုလှုံခွင့် ဖြင့်နေထိုင်နေသူများ၊ အမည်ပျက်စာရင်း သွင်းထားသူများ၊ ဒုက္ခသည်အဖြစ် ခိုလှုံနေသူများကို အမြဲနေထိုင်ခွင့်ပြုမည်မဟုတ်ပေ။
လျောက်လွှာများကို စိစစ်အကဲဖြတ်မည့် အဖွဲ့ကို သက်ဆိုင်ရာအရပ်ဖက် ပညာရှင်များ၊ ဝန်ကြီးဌာန ပညာရှင်များ ပါဝင်သည့် အဖွဲ့က အမှတ်ပေးစနစ်ဖြင့် အကဲဖြတ်ဆုံးဖြတ်မည် ဖြစ်သည်။
အမှတ်ပေးရာတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းလုပ်ကိုင်သူများ လျောက်ထားလျှင် အများဆုံး မြှုပ်နှံထားသူ၊ ပညာရှင်ဖြစ်ပါက နိုင်ငံတကာ စံနှုန်းများနှင့် ပြည်မီသူတို့ကိုသာ ရွေးချယ်မည်ဟု ဦးမောင်မောင်သန်းက ဆိုသည်။
နိုင်ငံအတွင်း လိုအပ်သည့် ပညာရှင်၊ နိုင်ငံသားဟောင်းများ၊ နိုင်ငံခြားသား ရင်နှင်းမြှပ်နှံလိုသူနှင့် နိုင်ငံသားနှင့် ဆက်စပ်သည့် နိုင်ငံခြားသား များတို့ကို လူတွေ့စစ်ဆေးမှုများဖြင့်ပါ စိစစ်ပြီးမှ အမြဲနေထိုင်ခွင့် ငါးနှစ်အထိခွင့်ပြုရန်စီစဉ်ထားခြင်းဖြစ်သည်။
လျောက်လွှာများကို ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး လျောက်ထားခြင်းအတွက် အမေရိကန်ဒေါ်လာ ၅၀၀ ပေးဆောင်ရမည်ဖြစ်သည်။ ထို့နောက် နေထိုင်ခွင့်ရပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးသွင်းရမည်ဖြစ်သည်။
PR ခွင့်ပြုချက်ရရှိထားသူများသည် အခွန်ထမ်းဆောင်ခြင်း၊ အိမ်ခြံမြေ ဝယ်ယူခြင်းများကို ပြည်တွင်း ၌ ပြဋ္ဌာန်းထားသော ကွန်ဒိုမီနီယံ ဥပဒေများ၊ ပြည်တွင်း အခွန်ဥပဒေများဖြင့် နိုင်ငံသားများနည်း တူ ပေးဆောင်ခွင့်ရမည် ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၀န်ကြီးဌာန ပေါင်းစုံတွင် စီးပွားရေးနှင့် နိုင်ငံရေး အမည်ပျက် စာရင်းသွင်း ထားသူပေါင်း ခြောက်ထောင်နီးပါးကျန်ရှိနေသေးသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက စက်တင်ဘာ ၁ရက်တွင်ပြုလုပ်သည့် အီလက်ထရောနစ်ဗီဇာ ဖွင့်ပွဲအခမ်းအနားတွင် မဇ္စျိမကို ပြောထားသည်။
PR လျောက်ထားခြင်းကို ကျောက်တံတားမြို့နယ် ၃၇လမ်းရှိ ယခင်နိုင်ငံကူးလတ်မှတ် ထုတ်ပေးသည့် ရုံးအဟောင်းတွင် ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အသေးစိတ်ကို ၀န်ကြီးဌာန ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.moip.gov.mm တွင် ကြည်ရှု့နိုင်သည်။