အပစ်ရပ်စာချုပ်၌ “တော်လှန်ရေး” စကားလုံး သုံးပေးရန် ဖက်ဒရယ် တပ်မတော် တောင်းဆို

အပစ်ရပ်စာချုပ်၌ “တော်လှန်ရေး” စကားလုံး သုံးပေးရန် ဖက်ဒရယ် တပ်မတော် တောင်းဆို
by -
မဇ္စျိမ

ညီညွှတ်သော တိုင်ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပါဝင် ဖွဲ့စည်းထားသည့် ဖက်ဒရယ် တပ်မတော် (FUA) စစ်ဦးစီး အဖွဲ့ဝင်များ အစည်းအဝေး အပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် “တော်လှန်ရေး” ဆိုသည့် စကားရပ်အား စာကိုယ်၌ ထည့်သွင်းပေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ထံသို့ အကြံပြု တင်ပြခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တစ်ချိန်တုန်းက NCCT ထဲမှာ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း” ဆိုပြီး အမြဲတမ်း ထည့်တယ်လေ၊ နောက်ပိုင်း ဦးအောင်မင်းတို့ မေတ္တာ ရပ်ခံတော့ ခေါင်းစဉ် မှာလည်း မထည့်၊ နိဒါန်းမှာလည်း မထည့်ဘဲနဲ့ စာချုပ်ရဲ့ စာကိုယ် တစ်နေရာမှာပဲ ထည့်ပါဆိုပြီး နောက်မှာ ထားတယ်၊ အခု နောက်မှာ ထားထားတာကိုလည်း ထပ်ဖြုတ်ခိုင်းတော့ NCCT အနေနဲ့ တော်လှန်ရေးဆိုတဲ့ စကားလုံးကို စာကိုယ်ထဲမှာ တစ်နေရာ ရအောင်ထည့်ပါဆိုပြီး အကြံုပြုထားတယ်” ဟု မဇ္စျိမကို ဒီဇင်ဘာလ ၂ ရက်က ပြောသည်။

၎င်း “တော်လှန်ရေး” စကားရပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် သင်္ကေတ တစ်ခု ဖြစ်နေသောကြောင့် ၎င်းတို့ ဘက်မှ ထည့်သွင်း တောင်းဆိုရခြင်း ဖြစ်ကာ၊ ၎င်း စကားလုံး အသုံးအနှုန်းအား လက်ခံ၊မခံမှာ ပြည်ထောင်စု အစိုးရကသာ ဆုံးဖြတ်ချက် ပေးနိုင် မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ရောက်ရှိ၌ UNFC အဖွဲ့နှင့် ညှိနှိုင်းနေသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ  ဦးညိုအုန်းမြင့်က ပြောသည်။

ဦးညိုအုန်းမြင့်က “ဒါကတော့ သူတို့ အတွက် (Symbol) တစ်ခု ဖြစ်နေတယ်၊ သူတို့ ဘက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ထည့်ပေးဖို့ တောင်းဆိုထားဖူးပါတယ်၊ အကြောင်းအရာ အသစ်ကို တင်ပြတောင်းဆိုတာ မဟုတ်ပါဘူး၊ ဒါကို လက်ခံတယ် မခံဘူး ဆိုပြီး အဆုံးအဖြတ်ကတော့ ပြည်ထောင်စု အစိုးရကပဲ ပေးနိုင်မှာပါ” ဟု မဇ္စျိမကို ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။

ထို့ပြင် ကနဦး UNFC မှ ချမှတ် ထားသည့် မူအတိုင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးပွဲကို ကြားနိုင်ငံတစ်ခု၌ ကျင်းပရေး၊ ညှိနှိုင်း ဆွေးနွေးပွဲတွင် နိုင်ငံတကာ အသိသက်သေ ထားရှိရေး စသည့် အချက်များအား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) မှ အားနည်းချက်များ ရှိခဲ့သည့်အပေါ် ဝေဖန်ဆွေးနွေးခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ဆက်ပြောသည်။

နိုဝင်ဘာလ (၃၀) ရက်၌ FUA မှ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာ့တပ်မတော် အနေနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို စတင် ဖော်ဆောင်နိုင်ရန် အခြေခံဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေသည့် ကာလတွင် အနှောက်အယှက် အဟန့်အတား ဖြစ်စေသော စစ်ဆင်မှုများ အားလုံးကို ချွင်းချက်မရှိ ရပ်ဆိုင်းပေးရန်လည်း တောင်းဆို ထုတ်ပြန်ထား သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တို့အကြား လက်နက်ကိုင်နည်းဖြင့် နိုင်ငံရေး ပြဿနာအား သမိုင်းတစ်လျှောက် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့် ယခုကဲ့သို့ အစိုးရတပ်မှ လက်နက်ကိုင်နည်းဖြင့် ဖိအားပေးခြင်း၊ စစ်ဆင်ခြင်းများသည်လည်း မှန်ကန်သော ငြိမ်းချမ်းရေး အဖြေကို ရနိုင်မည် မဟုတ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ ကလည်း မဇ္စျိမကို ဒီဇင်ဘာ ၂ ရက်က ပြောသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UFNC) စတင် တည်ထောင်ခဲ့သည့် ၂၀၁၁ ဖေဖော်ဝါရီလကတည်းကပင် ဖက်ဒရယ် တပ်မတော် FUA ဖွဲ့စည်းထားခဲ့သည်။ ပထမ FUA ၏ ပထမဦးဆုံး စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဖြစ်သည်။ ထို့နောက်တွင် ဗိုလ်ချုပ် ဘီထူးမှ စစ်ဦးစီးချုပ် အဖြစ် ဆက်လက် တာဝန်ယူ ခဲ့ပြီး လက်ရှိ FUA စစ်ဦးစီး ချုပ်လည်း ဖြစ်သည်။

FUA တွင် စစ်ဒေသ (၂) ခု ထားရှိပြီး မြောက်ပိုင်း စစ်ဒေသ၌ ကချင်၊ ပလောင်၊ ရှမ်းမြောက်၊ ဝ နှင့် မိုင်းလား၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့များ ပါဝင် ပါသည်။ တောင်ပိုင်း စစ်ဒေသ၌ ကရင် အမျိုးသား အစည်းအရုံး၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ မွန်ပြည်သစ် ပါတီတို့ ပါဝင်သည်။

FUA ပုံမှန် အစည်းအဝေး (၃) ကြိမ်နှင့် အလွတ် သဘော အစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သီးခြားသတင်း ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

FUA စစ်ဦးစီး အဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ပထမဆုံးအကြိမ် ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။

ဖက်ဒရယ် တပ်မတော် စစ်ဦးစီး အဖွဲ့များ၏ ပထမအကြိမ် အစည်းအဝေးအား ခေါ်ဆိုခဲ့ပြီးနောက် FUA ၏ သတင်းထုတ်ပြန်မှုသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် ညှိနှိုင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးတို့၏ ညှိနှိုင်းမှုအား အဟန့် အတား ဖြစ်စေနိုင်ကြောင်း သုံးသပ်ချက်များ ရှိခဲ့သည်။

သို့သော်လည်း FUA အကြံပေးအရာရှိ ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်ရှိ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိခိုက်မှုရှိမည် မဟုတ်ကြောင်း ဒီဇင်ဘာလ (၂) ရက်၌ မဇ္စျိသတင်းဌာနသို့ ပြောကြား သည်။

ညီညွှတ်သော တိုင်ရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပါဝင် ဖွဲ့စည်းထားသည့် ဖက်ဒရယ် တပ်မတော် (FUA) ၏ ပထမအကြိမ် စစ်ဦးစီးအဖွဲ့ အစည်းအဝေးအား နိုဝင်ဘာလ (၂၈) နှင့် (၂၉) ရက်နေ့ များတွင် နှစ်ရက်တာ လွတ်မြောက် နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့သည်။

Most read this week