အလုပ်သမား ညီလာခံမှ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM က အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်၊ ပါဝင်ခွင့်နှင့် အချင်းချင်းပူးပေါင်းဆောင် ရွက်ခွင့်ရရှိရန် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု CTUM လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက်နေ့အထိ ကျင်းပသည့် မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ညီလာခံ ကြီးက အလုပ်သမားသမဂ္ဂများအား လွတ်လပ်စွာဖွဲ့စည်း တည်ထောင်ခွင့်အပါအဝင် အချက် ၈ချက်ကို အကောင်အထည်ဖော်ရန်အတွက် ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။
ဒေါ်ဖြိုးစန္ဒာစိုးက “မြန်မာနိုင်ငံတွင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံချိန် စံညွှန်းတွေနဲ့အညီ၊ မြန်မာ နိုင်ငံ အလုပ်သမား ဥပဒေတွေနဲ့ အညီ သမဂ္ဂတွေဖွဲ့စည်းခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
မြန်မာအလုပ်သမားသမဂ္ဂများသည် လွတ်လပ်ပြီးအမှီ အခိုကင်းကာ ဒီမိုကရေစီနည်းလမ်းကျစေရန် ကြိုးပမ်းသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ညီလာခံမှ လူမှုတရားမျှတမှုနှင့် အခွင့်အရေးတန်းတူညီမျှမှု ရရှိရန်၊ အလုပ်လုပ်ပိုင်ခွင့်နှင့် အလုပ်အကိုင် ရွေးချယ်ပိုင်ခွင့်ရရှိရန်၊ အလုပ်အကိုင် အာမခံချက်ရှိမှုနှင့် ၀င်ငွေ အာမခံချက်ရရှိရန်၊ ဒီမိုကရေစီကျင့်စဉ် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ထိန်းသိမ်းထားနိုင်ရန်၊ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်၊ လွတ်လပ်စွာပါ၀င်ခွင့်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခွင့်ရရန်တို့ အပါအဝင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။
တောင်ဒဂုံမြို့နယ်၊ မြို့နယ်ခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM ၏ ဒုတိယ အကြိမ်မြောက် ညီလာခံတွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM အား မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ် CTUM သို့ ပြောင်းလဲ ဖွဲ့ခဲ့ခြင်းဖြစ်သည်။
အဆိုပါအဖွဲ့ချုပ်ကို ၁၉၉၁ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်တွင်း၌ ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ် ညီလာခံ ကျင်းပခဲ့သည်။ အဆိုပါအဖွဲ့ချုပ်တွင်် မတူညီသောကဏ္ဍများကို အခြေခံ၍ မြို့နယ်အဆင့် အလုပ်သမားအဖွဲ့အစည်းပေါင်း ၆၂၃ ဖွဲ့ပါဝင် ဖွဲ့စည်းထားကာ အဖွဲ့ဝင်ဦးရေမှာ ၄၃၆၀၇ ဦးရှိပြီဖြစ်သည်။ ယင်းအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ်တွင် အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ နည်းဥပဒေများနှင့် အလုပ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်ရေး၊ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ကူညီဖြေရှင်းပေးခဲ့သည်။