အပစ်ရပ်စာချုပ် ထိခိုက်စေမည့် လုပ်ရပ်များ ရပ်ရန် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တောင်းဆို

အပစ်ရပ်စာချုပ် ထိခိုက်စေမည့် လုပ်ရပ်များ ရပ်ရန် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တောင်းဆို
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုနိုင်ရန် ကြိုးပမ်းမှု နီးစပ်လာသော်လည်း တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်၏ မူ ၆ချက်တင်ပြမှု အပါအဝင် ကချင်နှင့် ရှမ်း၌ စစ်ရေး တင်းမာမှုများအပေါ် စိုးရိမ်မကင်းဖြစ်ရသည်ဟု ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (F.U.A) ၏ ပထမအကြိမ် စစ်ဦးစီးအဖွဲ့ အစည်းအဝေးအပြီး ဒီဇင်ဘာ ၁ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ယင်းကြေငြာချက်၌ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ စက်တင်ဘာလက ဆွေးနွေးပွဲ၌ တပ်မတော်ဘက်မှ ကိုယ်စားလှယ်များက နောက်ကြောင်းပြန် အဆိုပြုချက်များ တင်သွင်းလာခြင်းနှင့် ကာကွယ်ရေးဦးစီးချုပ်၏ မူ ၆ ချက်ကို အခိုင်အမာ ထပ်မံတင်ပြလာခြင်း အပါအဝင် တိုင်းရင်းသား ဒေသအချို့၌ ထိုးစစ်များ ပြင်းထန်လာမှုကို စိုးရိမ်မကင်း ဖြစ်ရသည်ဟု ဆိုထားသည်။

ယင်းအပြင် လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ တာ့ဖာဆောင်း ကူးတို့ဆိပ်ရှိ စက်စက်ပီပီ (စက်စက်အေ) တပ်အား ဝင်ရောက်သိမ်းပိုက်ခြင်းအပြင် PSLF/TNLA လှုပ်ရှားရာ ပလောင်ဒေသ ၊ ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းသည် ပဏာမ လက်မှတ်ထိုးထားသည့် အပစ်ရပ်ရေး စာချုပ်ကိုပါ ဖျက်ဆီးလိုသည့် လုပ်ရပ်များဖြစ်ပြီး ထိုလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချသည်ဟု F.U.A က ဆိုထားသည်။

ထို့ပြင် အပစ်ရပ်စာချုပ်ကို ဟန့်တားစေသည့် စစ်ဆင်မှုများကို ချွင်းချက်မရှိရပ်ဆိုင်းရန် F.U.A က တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်လိုက်သည့် အချက် ၅ ချက် ပါသည့် ယင်းကြေငြာချက်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ပထမအကြိမ် ကွန်ဂရက် F.U.A ၏ ပထမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်၌ F.U.A ၏ လွတ်မြောက်နယ်မြေ တစ်ခုတွင် ကျင်းပခဲ့ပြီး UNFC ၏ ကာကွယ်ရေးဌာန တာဝန်ခံ၊ ဒု-တာဝန်ခံတို့ ဦးဆောင်ကာ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၁ ဦးနှင့် အကြံပေး၊ လေ့လာသူများ အပါအဝင် စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။