တိုင်းဘတ်ဂျက်နှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးမည့် ဧရာဝတီတိုင်းလွှတ်တော် အထူးအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပမည်ဟု ဧရာဝတီတိုင်းလွှတ်တော် ကတိကဝတ် ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်က မဇ္စျိမကို ပြောသည်။
ဧရာဝတီတိုင်းအတွင်း အသုံးပြုမည့် ၂၀၁၄-၁၅ ဘတ်ဂျက် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၅-၁၆ ဘတ်ဂျက်များကို ဆွေးနွေး အတည်ပြုရန် လွှတ်တော်အစည်းအဝေးမကျင်းပခင် ကြားဖြတ် အထူးအစည်းအဝေးအဖြစ် ကျင်းပခြင်း ဖြစ်သည်။
ဦးလှမြင့်က "၂၀၁၄-၁၅ ဘတ်ဂျက်လပတ်က ကုန်တော့မယ်။ မတ်လအထိ ဖြည့်စွက်ရန်ပုံငွေကို ဆွေးနွေး အတည်ပြုမယ်။ နောက်၂၀၁၅-၁၆အတွက် အစိုးရအဖွဲ့က အသုံးပြုမယ့် ဘတ်ဂျက်ကိုလည်း ဆွေးနွေးဖို့ အထူးအစည်းအဝေးခေါ်တာပါ "ဟုပြောသည်။
ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ အထူးအစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းလွှတ်တော် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းလွှတ်တော် ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ် ရ၂ ဦး၊ တိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့တို့ တက်ရောက် ဆွေးနွေးမည် ဖြစ်သည်။
ဧရာဝတီတိုင်း ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးပြံုးချိုက "ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ တိုင်းဘတ်ဂျက်တွေကို ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတည်းက တိုင်းဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်ကို လေ့လာဖို့ ဖြန့်ဝေထားတာ။ လွှတ်တော်က ဆွေးနွေးပြီး ဘတ်ဂျက်အားလုံးကို အတည်ပြုမှာပါ"ဟုပြောသည်။
ဧရာဝတီတိုင်း လွှတ်တော်ပထမအကြိမ် ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်း ပုဂ္ဂလိက မော်တော်ယာဉ်လုပ် ငန်း မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးနည်းဥပဒေ၊ ပုဂ္ဂလိက ရေယာဉ်လုပ်ငန်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးနည်းဥပဒေ၊ ဝန်ဆောင်မှုဆိုင်ရာဥပဒေမူကြမ်း၊ အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နှင်းရေး ဥပဒေမူကြမ်း တို့ကို အတည်ပြုခဲ့သည်။
ဧရာဝတီတိုင်း လွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ကျင်းပမည်ဖြစ်သည်။