စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ စာပေဟောပြောပွဲတွင် ဟောပြောခဲ့သည့် စာရေးဆရာ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး အဖွဲ့ဝင်လည်းဖြစ်သူ) ဦးထင်လင်းဦးကို သာသနာကို အကြည်အညိုပျက်စေသော ဟောပြောချက် များကြောင့် ချောင်းဦးမြို့နယ်ရှိ သံဃာတော် ၂၀၀ ပါးက နိုဝင်ဘာ ၂၉ ရက်တွင် ပတ္တနိကောစ္ဆနကံ ဆောင်သွားမည်ဟု ညောင်ပင် ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော် ဦးပဝရ က မဇ္ဈိမကို မိန့်ကြားသည်။
"ဘုန်းကြီးတို့က ပါတီကိုလုပ်တာ မဟုတ်ဘူး။ သူ့မိသားစုကို လုပ်တာမဟုတ်ဘူး။ သူတစ်ဦးတည်းကိုပဲ လုပ်တယ်။ သူကိုယ်တိုင် ဝန်ချတောင်းပန်မှ ကံဆောင်မှုကိုရပ်မယ်" ဟု ဆရာတော်က မိန့်သည်။
ထိုသို့ပြုလုပ်ခြင်းသည် တစ်သာသနာလုံး သံဃာတော်များကိုယ်စား လုပ်ဆောင်ခြင်းဖြစ်ပြီး ကံဆောင်နေစဉ်တွင် တစ်နိုင်ငံလုံးရှိ သံဃာတော်များမှ ဦးထင်လင်းဦးအား ဆရာတကာ ဆက်ဆံမှု မပြုလုပ်တော့ကြောင်းနှင့် လုပ်သော သံဃာတော်များ ရှိပါကလည်း အာပတ်သင့်မည်ဟု ဆရာတော်က မိန့်ကြားသည်။
"ဆရာတကာ ဆက်ဆံမှု မလုပ်တော့ဘူး။ သူ့အိမ်မှာ သာရေးရှိရှိနာရေးရှိရှိဘာမှ လုပ်မပေးတော့ဘူး။ သူနဲ့နီးတဲ့ ရဟန်းတွေလည်း သူလှူတာမယူရဘူး။ ယူရင်လုပ်ရင် အာပတ်သင့်တယ်။" ဟု ဆရာတော်က မိန့်ကြားသည်။
ဘုရားတရားကို အပြစ်တင်ကဲ့ရဲ့ခြင်း၊ ရဟန်းသံဃာတွေကို လာဒ်လာဘပိတ်အောင်စသည့် အချက်များ ပြောဆိုကျူးလွန်မိပါက ပတ္တနိကောစ္ဆန ကံဆောင်နိုင်သည်ဟု ဆရာတော်က ရှင်းပြသည်။
"သူ့ဟောပြောမှုတွေက ဝါးလုံးရှည်နဲ့သိမ်းပြီး ရမ်းသွားတယ်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ပုတ်ခတ်ချင်တာနဲ့ ရောပြီး လုပ်သွားတယ်။ သူ့အနေနဲ့ဒါကို တာဝန်ယူ တောင်းပန်စေချင်တယ်။ သူတရားစွဲခံရတာ ဘုန်းကြီးတို့ အလုပ်မဟုတ်ဘူး" ဟု ဆရာတော်က မိန့်ကြားသည်။
ဦးထင်လင်းဦးကမူ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် သံဃာထုအား စော်ကားလိုစိတ်ဖြင့် ပြောဆိုခြင်း မဟုတ်ခဲ့သော်လည်း ပြင်းထန်သော အသုံးအနှုန်း သုံးမိသည်ကို ဝန်ခံထားပြီး ဆရာတော်များအား ဝန်ချတောင်းပန်သည်ဟု ရေးသားထားသည်။
အဆိုပါဟောပြောမှုကြောင့် ချောင်းဦးမြို့နယ် သာသနာရေးဦးစီးဌာနမှ တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၄ ရက်တွင် တရားရုံး တင်သွားမည် ဟုလည်း သိရသည်။
မန္တလေးမြို့အခြေစိုက် ပါတီ ၉ ပါတီကလည်း နိုဝင်ဘာ ၂၃ ရက်တွင် ဦးထင်လင်းဦးအား ရှုတ်ချကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။