မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ရေ၊ လျှပ်စစ်နှင့် မိလ္လာစွန့်ပစ်မှု ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ရန်ကုန်ရုံးခွဲ အကြီးတန်း ပြန်ကြားဆက်သွယ်ရေး အရာရှိ ဦးမိုးမြင့်အောင်က ပြောသည်။
“ဒီလိုလုပ်ငန်းတွေ လုပ်တယ်ဆိုတာ အိုင်စီအာရ်စီအနေနဲ့ အစားထိုး တာဝန်ယူပြီး လုပ်တာမဟုတ်ပါဘူး။ အကျဉ်းထောင်တွေမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ရေ၊လျှပ်စစ်နဲ့ အညစ်အကြေး စွန့်ထုတ်မှုတွေကို ပိုပြီးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။
နိုင်ငံတော်အစိုးရနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ပြည်ထဲရေးဝန်ကြီး ဌာန အကျဉ်းဦးစီးဌာန လက်အောက်ရှိ
အကျဉ်းထောင်၊ အလုပ်စခန်းများသို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(အိုင်စီအာရ်စီ)ကို သွားရောက် ကြည်ရှုလေ့လာခွင့် ပေးခဲ့ သည်။
အဆိုပါခွင့်ပြုမှုအရ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် အကျဉ်းထောင်(၅၀)သို့ သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိ ချက်များကို နိုဝင်ဘာလ ၂၈ ရက်က အစီရင်ခံစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။
“အိုင်စီအာရ်စီက သွားရောက်ခဲ့တဲ့ နေရာ (၅၀) ထဲမှာ (၂၅) နေရာကို ရေရရှိမှုနဲ့ ပတ်ဝန်းကျင် တိုးတက်ကောင်း မွန်စေဖို့ မီးဖိုချောင်တွေ ခေတ်မီဖို့နဲ့ ရောဂါဖြစ်စေတဲ့ ပိုးမွှားတိရစ္ဆာန်တွေကို ထိန်းချုပ်ဖို့ အစီအစဉ်ကို အိုင်စီအာရ်စီက ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ အကျိုးကျေးဇူးကို အကျဉ်းသားပေါင်း(၃၀,၀၀၀)ခန့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် အိုင်စီအာရ်စီက သွားရောက်ခဲ့တဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်ကြားမှု ပစ္စည်းတွေနဲ့ အားကစား ပစ္စည်းတွေကို ပံ့ပိုးပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု အတွက် အခြေခံဆေးဝါးတွေ ထောက်ပံ့ခဲ့ပါတယ်" ဟု အိုင်စီအာရ်စီမှ အကျဉ်းထောင် လေ့လာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာဗြောရ်ရာမ် က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၂၅၊ ၂၆နှင့် ၂၇ ရက်တွင် နေပြည်တော်ရှိ အကျဉ်းဦးစီးဌာညွှန်ကြားရေးမှူးချုပ်များ၊ အကျဉ်းထောင် အလုပ်စခန်းမှ တာဝန်ရှိသူများ အပါအဝင် အကျဉ်းဦးစီးဌာနမှ အရာရှိ (၄၀) ဦးက အကျဉ်းထောင်ဆိုင် ရာ နိုင်ငံတစ်ကာစံနှုန်းများ၊ အကျဉ်းကျ အမျိုးသမီးများအတွက် သီးသန့် အခြေအနေများ အကျဉ်းထောင်တွင်း ကျန်းမာရေးနှင့် အကျဉ်းထောင်စီမံခန့်ခွဲမှု အပါအဝင် အကျဉ်းထောင်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အကျဉ်းထောင် အရာရှိများက ၎င်းတို့၏ လက်ရှိအခက်အခဲနှင့် အကျဉ်းဦးစီးဌာနမှ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဌေးက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိုင်စီအာရ်စီက အကျဉ်းသားများအတွက် အဝတ်အထည်နှင့် အပန်းဖြေပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားသူများနှင့် ယင်းတို့၏ မိသားစုဝင်များအား အဆက်အသွယ်ပြတ်တောက်မှု မရှိစေရန်အတွက် မိသားစု ပြန်လည် ဆက်သွယ်ရေး လုပ်ငန်းကို အကျဉ်းသား (၃၇) ဦးထံသို့ မိသားစုဝင် (၁၂၄) ဦးမှ (၇၉) ကြိမ် ထောင်ဝင်စာ တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့ သည်ဟု ဆိုသည်။
ထို့ပြင် မိသားစုများထံသို့ အကြောင်းကြားစာများကို ပေးပို့ပေးနိုင်ခဲ့ပြီး အကျဉ်းသား (၅၇) ဦးအား ယင်းတို့၏ မိသားစုများနှင့် တယ်လီဖုန်းဖြင့် အဆက်အသွယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။