တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၁၄ သိန်းသော နိုင်ငံ့ဝန်ထမ်းများ၏ လစာကို သင်တင့်မျှတသော ပမာဏဖြင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် တိုးပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "ဝန်ထမ်းတွေ လစာတိုးပေးတဲ့ နေရာမှာ နိုင်ငံတော်ဘက်ဂျက်က ဘယ်လောက်ပမာဏ ပေးနိုင်မယ်၊ ဘယ်လောက်ထိရေရှည် (Substainable)လုပ်နိုင်မလဲ၊ နောင်တက် လာမယ့် အစိုးရတွေအတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်ဖို့ကိုလည်း စဉ်းစားဖို့လိုပါတယ်’’ ဟု ပြောကြားသည်။
နိုဝင်ဘာလ ၂၆ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် သာပေါင်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် တင်သွင်းခဲ့သည့် လစာတိုးပေးရေးအဆိုအား မည်ကဲ့သို့ နည်းလမ်းရှာနေသည်ကို အရေးကြီး အဆိုအဖြစ်တင်သွင်းရာတွင် ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင်လစာများတိုးခြင်းသည် အစိုးရဝန်ထမ်းမဟုတ်သော သန်းငါးဆယ်ခန့်သော ပြည်သူများအပေါ်လည်း သက်ရောက်မှုရှိမည်ဖြစ်၍ ပမာဏမည်မျှတိုးသင့်သည်ကို သေချာတွက်ချက် စဉ်းစားနေသည်ဟုလည်း ၎င်းက ပြောသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် ဝန်ထမ်းများအား တိုက်ရိုက်ပေးသည့် လစာများအပြင် သွယ်ဝိုက်၍ ငွေလုံးငွေရင်းအသုံးစရိတ်မှ နေထိုင်မှု၊ ကျန်းမာရေး၊ ပညာရေးထောက်ပံ့မှုများလည်းရှိသည်ဟု ဦးဝင်းရှိန်က ပြောသည်။
၎င်းက "အဲဒီမှာ နိုင်ငံတော်ဘဏ္ဍာက ဘယ်လောက်ပေးနိုင်မလဲဆိုတာ တွက်ချက်စဉ်းစားရမယ်၊ ထိုက်ထိုက်တန်တန်လို့ပြောတယ်၊ ကျွန်တော်တို့ မပေးချင်လို့ ဆင်ခြေတက်တဲ့ အနေအထားမဟုတ်ပါဘူး၊ ဖြစ်သင့်ဖြစ်ထိုက်တာကို စဉ်းစားဖို့ ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်’’ ဟု ဆိုသည်။
ထို့ပြင် နိုင်ငံတော်၏ လက်ရှိဘဏ္ဍာရေးအခြေအနေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးလှည့်ပတ် သုံးစွဲမှုအခြေအနေ၊ ငွေကြေးဖောင်းပွ မှုစသည့် ဆက်စပ်မှုများကိုလည်းထည့်သွင်းစဉ်းစားရန်လို သည်ဟုပြောသည်။
အဆိုရှင်ဦးဝင်းသန်းကမူ ပြည်ထောင်စုအစိုးရအနေဖြင့် လစာတိုးပေးရေးကိစ္စ အကောင်အထည်ဖော်နိုင် ရန် နိုင်ငံတော်၏ အခွန်အကောက်နှင့် စီးပွားရေးဆိုင်ရာ ဝင်ငွေအရပ်ရပ် တောင့်တင်းခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကို လေလွင့်ပြုန်းတီးစေနိုင်သည့် စီမံကိန်းများကို စိစစ်၍ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများပြုလုပ်ရန် အကြံပြုပြောကြားသည်။
၎င်းက "မှန်ပါတယ်၊ တိုင်းပြည်ကရမယ့် ဝင်ငွေခွန်၊ စီမံကိန်း ကိစ္စတွေ လျှော့ချဖို့နဲ့ စျေးကွက်ထဲဝင်ရောက်သွား မယ့် ငွေကြေးအားလုံး စဉ်းစားသင့်ပါတယ်’’ ဟု လွှတ်တော်အပြီး ပြောကြားသည်။