တိုင်းရင်းသား ပြည်နယ်များအတွင်း ဆက်လက်ဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဖော်ပြ ထားသော “တရားမျှတမှုအတွက် မျှော်လင့်ချက်သာပေးပါ” ဟူသော အစီရင်ခံစာကို မြန်မာအမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က နိုဝင်ဘာလ ၂၅ ရက်က ထုတ်ပြန်လိုက်သည်။
စာမျက်နှာ ၃၃ မျက်နှာပါ အစီရင်ခံစာကို WLB နှင့် အဖွဲ့ဝင် အဖွဲ့အစည်းများက ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်း၊ ကရင်နီ ပြည်နယ်များအတွင်း အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ရန် ကြိုးပမ်းမှု အချက်အလက်များ စုဆောင်းခဲ့သည်ဟု ဖော်ပြထားသည်။
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် ၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် WLB က သတင်းစာရင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ထွန်းလာစေရန် တိုင်းရင်းသူ အမျိုးသမီးများ၏ လုံခြံုမှု အာမခံချက်ရရှိရေးအား ထည့်သွင်း အကောင်အထည်ဖော်နိုင်မှ ရေရှည်တည်တံ့ခိုင်မြဲ သည့် ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်နိုင်မည်ဟု ယုံကြည်သည်။ ထိုကြောင့် တိုင်းရင်းသူ အမျိုးသမီးများအား လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လုံးဝ ရပ်တံ့သွားရန်နှင့် တရားမျှသည် ့အခြေအနေ တခု ဖြစ်ပေါ်လာစေရန် အစိုးရအား တွန်းအားပေးရန် ရည်ရွယ်သည်ဟုဆိုသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလက “အရေးယူမှုမှ ကင်းလွတ်ခြင်း၊ မပြောင်းလဲသေးသည့် စနစ်များ” အစီရင်ခံစာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမှုပေါင်း (၁၀၄) ခုကို မှတ်တမ်း တင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း တိုင်းရင်းသူ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ ပြောင်းလဲမှုမရှိဘဲ ဆက်လက် ဖြစ်ပွားနေသဖြင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ရန် ကြိုးပမ်းမှု စသော သတင်းအချက်အလက်များ စုဆောင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရ စစ်တပ် အခြေစိုက်စခန်းများကို အင်အားတိုးချဲ့ခြင်းဖြင့် အရပ်သားများ၏ လုံခြံုရေး အန္တရယ် ပိုမိုဆိုးဝါးလာစေလျက်ရှိပြီး စစ်ဆင်ရေးထိုးစစ်နှင့် လိင်အကြမ်းဖက်မှုများ တိုက်ရိုက်ဆက်နွယ်နေသည်ကို WLB နှင့် အဖွဲ့ဝင်များက မှတ်တမ်းတင်ထားသည်။
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအမျိုးသမီးများသည် အမှန်တရားဖော်ထုတ်မှုနှင့် တာဝန်ခံမှုကို ငြင်းပယ် ခံနေရပြီး စနစ်တကျ ခွဲခြားဆက်ဆံမှုများကို ဆက်လက် ခံစားနေရသည်ဟု ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် အကြမ်းဖက်မှုများအပေါ် အပြစ်ပေးအရေးယူခြင်းနှင့် အမှန်တရားပေါ်ပေါက်စေရန် လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများ၏ ကြိုးပမ်းဆောင်ရွက်များများ လစ်လျူရှုခံရဆဲဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ တရားရေး စံနစ်ကို နိုင်ငံတကာ ဥပဒေ စံချိန်စံညွန်းများကို ထင်ဟပ်မှုကို အာမခံမှုရှိသော အမျိုးသမီးများ၏ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား လူ့အဖွဲ့အစည်းများကို လေးစားမှုရှိသော ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်နှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ဖယ်ရှားရေး သဘောတူစာချုပ်(စီဒေါ) လိင်အကြမ်းဖက်မှုမာျးကို အထူးရည်ညွန်းထားသော သတ်မှတ်ချက်များ ပါဝင်သည့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေကို လက်ခံကျင့်သုံးရန် မြန်မာအစိုးရကို အကြံပြုထားသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် နိုင်ငံတော်က ဦးဆောင်ကျူးလွန်ခဲ့သည့် လိင်အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုနှင့် အမှန်တရား အာမခံချက်အတွက် သတ်မှတ်ချက်များ ထည့်သွင်းရန် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဖိအားပေးရန် နိုင်ငံတကာ ကို အကြံပြုထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း အတိတ်ကာလက ဖြစ်ပွားခဲ့သော လိင်အကြမ်းဖက်မှုများနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ရန် ကတိကဝတ်ပြုသော ဥပဒေဘောင်နှင့် ဥပဒေဘောင်ပြင်ပ ထိရောက်သော အမှန်တရားဖော်ထုတ်ရေးကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်ရန်၊ စာချုပ်တွင် လိင်အကြမ်းဖက်မှု ကျူးလွန်သော အဖွဲ့အစည်း အားလုံးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို ငြင်းပယ်ရန်နှင့် ယင်းစာချုပ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲတို့အား ပြင်ဆင်မှုနှင့် အကောင်အထည် ဖော်ဆောင်ရွက်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်မှုကို အာမခံချက်ပေးရန်တို့ကို တိုက်တွန်းထားသည်။
၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်က WLB ကို အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် အမျိုးသမီးများ အခြေအနေ တိုးတက်မြင့်မားရေးနှင့် ဒီမိုကရေစီ လှုပ်ရှားမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်မှု တိုးမြင့်ရန် အတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်း ၁၃ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့ဖြစ်သည်။ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ လှုံ့ဆော်စည်းရုံးခြင်း၊ သုတေသနနှင့် မှတ်တမ်းတင်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။