ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးခဲ့ရသည့် ဗိုလ်လောင်း ၂၃ ဦးအတွက် ဆုတောင်း မှုနှင့် စစ်သင်တန်းကျောင်းကို ပစ်ခတ်မှုအား ကန့်ကွက်သည့် လှုပ်ရှားမှုကို နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။
ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းမှ ကျဆုံးဗိုလ်လောင်း ၂၃ ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ရုံးရှေ့တွင် ပန်းစည်း များချသည့် လှုပ်ရှား မှုတစ်ခုကို တိုင်းရင်း သားများ၊ ငြိမ်းချမ်းရေး လိုလား သူလူငယ် များနှင့် တက်ကြွ လှုပ်ရှားသူ လူအင်အား ၅၀ခန့်က နိုဝင်ဘာ၂၃ရက်တွင် ပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်။
လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်နှင့် လူမှုသ ဟဇာတ ဖြစ်ရေး စင်တာမှ ကိုသက်ဆွေဝင်းက "ကျဆုံးသွားတဲ့ ကေအိုင်အေက စစ်ဗိုလ်လောင်းတွေအတွက် လာဆုတောင်းတာပါ။ အခုလိုပစ် ခတ်မှုကြောင့် တိုင်းရင်းသား လူငယ်တွေ အကြောင်းမဲ့ သေဆုံးရတယ်။ စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့တောင်း ဆိုလိုပါတယ်" ဟု ပြောသည်။
ကျဆုံး သွားခဲ့သော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း များမှ အရာ ရှိငယ် များအတွက် ၎င်းတို့၏ မိသားစုများ၊ ကိုယ်စားပြု အဖွဲ့အ စည်းများ၊ သူငယ် ချင်း မိတ်ဆွေ များနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသ ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် တပ်မတော်၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် ပန်းစည်းချသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်ဟု ပါဝင်သူများက ဆိုသည်။
လှုပ်ရှားမှုတွင် စမ်းချောင်း ပဒုမ္မာကွင်း နံဘေး ဗားကရာလမ်း မပေါ်မှစတင်ကာ ကြွေးကြော်သံများ မပါဘဲ လမ်းလျှောက်ခဲ့ပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာရှေ့ တွင် ဝမ်းနည်းကြောင်း ရေးသား ထားသည့် ပန်းစည်းများ ချကာ ဆုတောင်း ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက "MPC ကတော့ စားပွဲဝိုင်းမှာအဖြေရှာနို်င်အောင် ဝိုင်းဝန်းကြိုးစားရမှာ။ နိုင်ငံရေးဆွေးနွေးပွဲမှာ အဖြေမရှာနိုင်သေးခင် ကန်ပိန်း ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် သူတို့ ဆန္ဒပဲလေ။ ပြဿနာ တွေကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းလို့ရမှာ။ တပ် မတော်က ကျဆုံးတာ ပဲဖြစ်ဖြစ်၊ တိုင်းရင်းသား ဘက်က ကျဆုံးတာ ပဲဖြစ်ဖြစ် မြန်မာနို်င်ငံ သားတွေ ကျဆုံး တာပဲလို့ ယူဆတယ်"ဟု ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာအနီး ဗိုလ်သင်တန်း ကျောင်းသို့ အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် သေဆုံး ခဲ့ရသည့် သင်တန်းသား ၂၃ ဦးတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၁၁ ဦး၊ ရက္ခိုင့် တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး (CNF) မှ ၂ ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦးတို့ ပါဝင်သည်။
အဆိုပါ ပစ်ခတ် မှုကြောင့် သင်တန်းသား ၂၀ဦး ဒဏ်ရာ ရရှိခဲ့ပြီး ချင်းအမျိုးသား တပ်ဦး(CNF)မှ ၃ ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော်(TNLA)မှ ၈ ဦး၊ ရက္ခိုင့် တပ်မတော် (AA) မှ ၅ ဦးနှင့် ကေအိုင်အေမှ သင်တန်း နည်းပြ ၄ ဦး တို့ဖြစ်သည်။
အဆိုပါ ဗိုလ်လောင်းများ ကျဆုံးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒု ဥက္ကဌ ဦးစစ်မြိုင်က "စစ်ဖြစ်တဲ့ဒေသမှာ ဖြစ်တာမို့ တိုက်ပွဲသဘောဖြစ်တယ်၊ စစ်ဆင်ရေး သဘော အတိုင်း ဖြစ်သွားတာမို့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားတာ လူ့အခွင့် အရေး ရှုထောင့်က သွားပြောလို့မရဘူး။ သာမာန်အရပ် သားတွေ ထိရင် လူ့အခွင့် အရေးဆုံး ရှုံးတယ်လို့ ပြောလို့ ရတယ်" ဟုပြောသည်။
တအာင်းအဖွဲ့များ ပြင်းပြင်းထန်ထန် ကန့်ကွက်
ယင်းကဲ့သို့ ဗိုလ်သင်တန်းကျောင်းသို့ ပစ်ခတ်မှုသည့် စစ်တပ်၏ လုပ်ရပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေ သည့်အပြင် ပြည်ထောင်စု သားအချင်းချင်း အပေါ်ညှာတာမှု ကင်းမဲ့ရာ ရောက်ခြင်း၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ရေး အတွက် များစွာ ထိခိုက််စေ နိုင်သဖြင့် တအာင်း တမျိုးသား လုံးမှ ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလိုက် ပါသည်ဟု တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) နှင့် တအာင်း ကျောင်းသားနှင့် လူငယ်များ အဖွဲ့ (TSYU)က နိုဝင်ဘာ၂၃ရက်တွင် သဘောထား ထုတ်ပြန် လိုက်သည်။
ယင်းအပြင် အဆိုပါ ထုတ်ပြန် ချက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ပေါ်ပေါက်လာ သည်အထိ မိမိတို့ကဆက်လက် တိုက်ပွဲဝင် သွားမည်ဟု လည်း ပါဝင်သည်။
အဆိုပါ အဖွဲ့များက နိုဝင်ဘာ၂၃ ရက်တွင် တအာင်း အမျိုးသား ရေးအတွက် အသက်ပေး လှူခဲ့သော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အရာရှိ လောင်းများနှင့် အတူ မဟာမိတ် တိုင်းရင်းသား အရာရှိလောင်း များအတွက် ရက်လည် ဆွမ်းကပ် တရားနာနှင့် ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်အခမ်း အနားကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြုလုပ်ခဲ့သေးသည်။
ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် တောင်းပန်ရန် ဆန္ဒပြ
KIA ဗိုလ်သင်တန်းကျောင်းမှ ဗိုလ်လောင်းများ ကျဆုံးခြင်းအတွက် ပြည်မြို့တွင် တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ် ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် တောင်းပန်ရန်၊ လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်း ကန့်ကွက်ရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို အမြန်ဆုံးကျင်း ပရန် ပြည်မြို့၊ လမ်းမတော် လမ်းရှိ ကင်းဘုရားနှင့် ဆွေးနွေးဘုရားတို့တွင် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို လက်နက်ကြီး ကျရောက်မှုမှာ သတိပေး ပစ်ခတ်ခြင်း ဖြစ်သည်ဟု အစိုးရတပ်က ထုတ်ပြန်ထားသော်လည်း ယင်းထုတ ်ပြန်ချက်မှာ မဟုတ်မှန်ဘဲ ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်ဟု ကေအိုင်အေ ဘက်က တုံ့ပြန်ပြော ဆိုထားသေးသည်။