တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အခရာကျသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဟိုဘက်၊ ဒီဘက် လွှဲချမနေဘဲ ပြင်ဆင်ရေးကို ဦးတည်ပြီး အမြန်ဆုံးလုပ်ဆောင်ကြရန် လိုအပ်နေပြီဟု နယ်ပယ် အသီးသီးက ဝေဖန်သုံးသပ်လိုက်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ရန် သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အပေါ် မူတည်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောဆိုမှုကို ၎င်းတို့တွင် တာဝန်မရှိဘဲ ဥပဒေပြုရေးတွင် အခရာကျသည့် လွှတ်တော်၏ တာဝန်သာဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က တုံ့ပြန်ပြောဆိုလိုက်မှုအပေါ် ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။
တိုင်းပြည်အတွက် အရေးတကြီး အမြန်ဆုံး ပြုပြင်ပြောင်းလဲသင့်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အချိန်ဆွဲနေခြင်းသည် တိုင်းပြည်ပျက်ရာ ပျက်ကြောင်းကို ဦးတည်နေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ဝေဖန်သည်။
“လူထုဆန္ဒဘာလဲဆိုတာ သူတို့သိနေပြီပဲဗျာ။ ဘာဖြစ်လို့များ ထမင်းရည်ပူလျှာလွှဲ၊ ဟိုပုတ်လိုက်၊ ဒီပုတ်လိုက်နဲ့ ဘောလီဘောပုတ်သလိုလုပ်ကြမှာတုန်း။ အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော့အမြင်တော့ စေတနာပိုင်းမှာ အားနည်းနေတယ်။ သို့မဟုတ်ရင်လည်း ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးဆိုတဲ့ ပုံမျိုးဖြစ်နေတယ်” ဟု ၎င်း က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ ကို တပ်မတော်သားအမတ်တို့က ပြင်ဆင်ရန် ဆန္ဒမရှိခြ င်းကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ရန်မှာ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ် မူတည်နေသည်ဟု သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မပြင်ဆင်ရေးသည် ၎င်းအပါအဝင်ကာကွယ်ရေးဦးစီးချုပ်နှင့် သက် ဆိုင်မှုမရှိဟု ဆိုကာ လွှတ်တော်တွင်သာ တာဝန်ရှိကြောင်း နိုဝင်ဘာ ၂၀ရက်က ဗွီအိုအေနှင့် သီးသန့်အင်တာဗျူးတွင် တုံ့ပြန်ပြောဆိုခဲ့သည်။
သမ္မတ၏ အထက်ပါပြောဆိုချက်သည် “ခေါင်းရှောင်ချင်တယ်လို့ပဲ မြင်လိုက်တယ်။ ဥပဒေကိုကိုင်ပြီး ခေါင်း ရှောင်နေတဲ့သဘောပဲ” ဟု ဦးကိုနီက သုံးသပ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကို နယ်ပယ်အသီးသီးက ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုများ မြင့်တက်လာချိန်တွင် သက် ဆိုင်ရာတာဝန်ရှိသူများက ဥပေက္ခပြုမထားသင့်ဟု မွန်အမျိုးသားပါတီ၏ ဥက္ကဋ္ဌအဖွဲ့ဝင် တစ်ဦးဖြစ်သူ နိုင်ငွေသိန်းကလည်း မှတ်ချက်ပြုသည်။
“သူတို့က ဘောလီဘောပုတ်နေတာပဲ။ မင်းအောင်လှိုင်ကိုပုတ်လိုက်၊ သိန်းစိန်ကိုပုတ်လိုက်၊ သူရရွှေမန်းကို ပုတ်လိုက်နဲ့ သူတို့စကားကို ပြည်သူတွေ အယုံအကြည် မရှိတော့ဘူးဖြစ်နေတယ်” ဟု နိုင်ငွေသိန်း က ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဆွေကမူ ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းကြောင်းသည် ဥပဒေပြုရေးတွင် တာဝန်ရှိသော် လည်း ပြင်နိုင်မည့် အခြေအနေနည်းပါးနေခြင်းကြောင့် သမ္မတနှင့် ကာချုပ်တို့အပေါ် မူတည်သည်ဟု ပြောခြင်းဖြစ်နိုင်သည်ဟု သူရဦးရွှေမန်း၏ ပြောဆိုချက်ကို သုံးသပ်သည်။
“လွှတ်တော်ထဲမှာ ဥပဒေပြုရေးအာဏာကိုကိုင်စွဲပြီးတော့ ၄၃၆ ကို ဖောက်ထွက်ဖို့ ရနိုင်မယ့်အခြေအနေက နည်းသွားပြီလို့မြင်လို့ပဲ အဲ့လိုပြောလား မသိဘူးပေါ့ဗျာ။ သူ့အနေနဲ့ သူ့လွှတ်တော်ကို ယုံကြည်တယ်ဆိုလို့ရှိရင် ဘာမှ လွှဲစရာအကြောင်းမရှိဘူးလေ”ဟု ၎င်းက ဆိုသည်။
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆အရ အခရာကျသည့် ပုဒ်မအချို့ကို ပြင်ဆင်ရန်မှာ တပ်မတော်သား အမတ်တို့၏ ထောက်ခံမှုပါဝင်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ပုဒ်မ ၄၃၆မှာ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်အမတ် ရ၅ရာခိုင်နှုန်းက ထောက်ခံရမည်ဖြစ်သ ည့်အတွက် လွှတ်တော်တွင်း ၂၅ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်သားအမတ်တို့ သဘောတူရမည် ဖြစ်သည်။