အစိုးရ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများထဲတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်အတွက် အားကိုးထိုက်သော အရည်အချင်းရှိ ရဲဘော်များ အရာရှိလောင်း ၁၁ ဦး ကျဆုံးခဲ့သည်ဟု PSLF/TNLA ၏ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောသည်။ PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က မဇ္စျိမကို ပြောသည်။
“ကျွန်တော်တို့ ရဲဘော်တွေက အမျိုးသားအတွက် အသက်စွန့်ပြီးတော့မှ တာဝန်ထမ်းဆောင်ဖို့အတွက် သူတို့ ရည်မှန်းချက်တွေ မပြည့်မီ ခရီးတဝက်မှာပဲ ကျဆုံးသွားတယ်။ ဒါပေမဲ့ ဒါတွေက အလဟသတော့ မဟုတ်ဘူး။ ကျွန်တော်တို့ အမျိုးသား လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေတာဖြစ်တယ်။ ဒီရဲဘော်တွေ ဖြစ်စေချင်တဲ့ ဆန္ဒ၊ ရည်မှန်းချက်တွေ ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်မရောက် မချင်းတော့ ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်တယ်” ဟု သူက ပြေသည်။
သေဆုံးသွားသူများမှာ မိုင်းနေထွန်း (၂၄ နှစ်)၊ မိုင်းမောင်ဝင်း (၂၁ နှစ်)၊ မိုင်းနော်အောင် (၂၂ နှစ်)၊ မိုင်းထွန်းလှိုင် (၂၂ နှစ်)၊ မိုင်းဘခက် (၂၁ နှစ်)၊ မိုင်းသန်းရှိုင်း (၁၈ နှစ်)၊ မိုင်းရဲစည်သူ ( ၁၉ နှစ်)၊ မိုင်းစိန်မြင့် (၂၅ နှစ်)၊ မိုင်းဝေယံ ( ၁၉ နှစ်)၊ မိုင်းအောင်ဆန်း (၂၅ နှစ်)၊ မိုင်းအိုက်ကြာ (၂၁ နှစ်) တို့ ဖြစ်ကြောင်း TNLAက နိုဝင်ဘာ ၂၀ရက်က ထုတ်ပြန်သည်။
KIO ဌာနချုပ် လိုင်ဇာရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရတပ်မှ ၁၀၅ မမ လက်နက်ကြီးကျ၍ အရာရှိလေင်း ၂၃ဦး သေဆုံးခဲ့ပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသူများအတွက် ဆုတောင်းပွဲ ကျင်းပ၍ ဇာပန အခမ်းအနားပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း TNLA အနေဖြင့်လည်း ကျဆုံးသွားသူများ၏ မိဘများအား အကြောင်းကြားထားပြီး ဖြစ်ကာ မကြာမီ ရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာ ထုံတမ်းအရ ရက်လည်ဆွမ်းကပ် အမျှဝေခြင်းကို သင့်လျှော်သင့်နေရာတွင် ဆက်လက်ထပ်မံလုပ်ဆောင်မည်ဟု မိုင်းဘုန်းကျော်က ပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ ကျနော်တို့ ရပ်တည်ချက်အတိုင်း နိုင်ငံရေးအရ သေချာပေါက် ဖြစ်မယ်ဆိုရင် ကျနော်တို့ ဆွေးနွေးညှိနှိုင်းနေ တာ။ နှစ်ဖက် ရပ်နိုင်တဲ့ပုံစံတွေ ကျနော်တို့ တင်ပြထားတဲ့အရ ရမယ်ဆိုရင်တော ့ဘာမှ နောက်ဆုတ်စရာအကြောင်း မရှိပါဘူး” ဟု မိုင်ဘုန်းကျော်က ပြောသည်။
ယခုကဲ့သို့ စစ်ရေးအရ ပစ်ခတ် တိုက်ခိုက်ခြင်းသည် မြန်မာအစိုးရက ငြိမ်းချမ်းရေးကို မလိုလားဘဲ နောက်ပြန် ဆုတ်နေခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုလိုက်သည်။
“အစိုးရဘက်က သူတို့လိုချင်တဲ့ ပုံစံမရလို့ ဒါက သူတို့ ငြိမ်းချမ်းရေးကို မလိုချင်လို့ ဘာမှ မဆိုင်တဲ့ ကျွန်တော်တို့ သင်တန်းကျောင်းတွေကို ပစ်မှတ်ထားပြီးတော့မှ သက်သက် စစ်ရေးအရ ဖိအားပေးတယ်လို့ မြင်တယ်။ သူတို့ ခြေလှမး်တွေက နောက်ပြန်ဆုတ်သွားတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်”ဟုသူက ပြောသည်။
တအာင်းဒေသ TNLA တပ်၏ ရ၇၃ နှင့် အစိုးရ တပ်ရင်း ခမရ ၃၂၄ တပ်တို့ ရှမ်းပြည်နယ် နမ္မတူမြို့နယ် ဖာဆောင် ကျေးရွာအုပ်စု ပန်မော်ခန်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ တိုက်ပွဲ အခြေအနေကိုမူ မသိရသေးပေ။