တပ်မတော်သား ၂၅ ရာခိုင်နှုန်း တစ်ဆင့်ပြီး တစ်ဆင့် ပြင်ဆင်သွားရန် အင်န်အယ်ဒီ ရပ်တည်ချက်ရှိဟုဆို

တပ်မတော်သား ၂၅ ရာခိုင်နှုန်း တစ်ဆင့်ပြီး တစ်ဆင့် ပြင်ဆင်သွားရန် အင်န်အယ်ဒီ ရပ်တည်ချက်ရှိဟုဆို
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်ဒီ) သည် လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန် ရပ်တည်ချက်ရှိသည်ဟု အင်န်အယ်ဒီပါတီ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်စုစုလွင်ကပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကိုယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးခဲ့ပြီး ထူးခြားမှုအဖြစ် အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စန်းသီတာခင်ကလည်း ပထမဦးဆုံးအကြိမ် ပါ၀င် ဆွေးနွေးခဲ့သည်။

Parliament-8

အထွေထွေ သဟဇာတဖြစ်ရေး ဦးတည်

ဒေါ်စုစုလွင်က အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်အတွက် ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်စေရေးနှင့် အထွေထွေ သဟဇာတ ဖြစ်ရေးကို အခြေပြုလျက် ဆွေးနွေးညှိနှိုင်းကြပြီး တစ်ဆင့်ပြီးတစ်ဆင့်ပြင်ဆင်သွားရန် ဖြစ်သည်ဟု ပြောသည်။

ဒေါ်စုစုလွင်က “ကျွန်မတို့အနေနဲ့ သမိုင်းရဲ့ အရှိတရားနဲ့ ပကတိလိုအပ်ချက်ကို မျက်ကွယ်ပြုခြင်းအလျဉ်းမ ရှိဘဲ အသိ၊ သတိတို့နဲ့ ယှဉ်တွဲပြီး အကြံပြုခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကမ္ဘာ့နိုင်ငံများရဲ့ လူ့အဖွဲ့အစည်းအတွင်းရှိ အပ်တဲ့စံများအပေါ် အခြေပြုပြီးသင့်လျော်သည့်နည်းလမ်းနဲ့ အချိန်အခါအတွင်း ပြုပြင်နိုင်ရေး ကိုသာ ဦးတည်ပါတယ်” ဟု ဖြည့်စွက်ပြောသည်။

သမိုင်းလိုအပ်ချက်အရ တပ်မတော်ပါဝင်နေရ

 တပ်မတော်သားကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စောရွှေကမူ တပ်မတော်သားများ လွှတ်တော်တွင် ပါဝင်ခြင်းကို ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်ကြောင်း၊ ကမ္ဘာပေါ်ရှိ မည်သည့်လွှတ်တော်တွင်မှ မရှိကြောင်း ပြောဆိုဆွေးနွေးမှုများ ရှိသော်လည်း သမိုင်းလိုအပ်ချက်အရ ပါဝင်နေရ ခြင်းဖြစ်သည်ဟု ဆွေးနွေး တုံ့ပြန်ခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး စောရွှေက “နိုင်ငံရဲ့အခြေအနေအရ တပ်မတော်ဟာ မပါလို့မရပါဘူး။ မြန်မာနိုင်ငံ သမိုင်းမှာမရှိ မဖြစ်ပါ”ဟု ဆိုသည်။

စစ်ရေးအမြင်မှ ကာကွယ်ရေးအမြင်ဒေါ်စုစုလွင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(ဃ)တွင် ပြဋ္ဌာန်းထား သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းပြဋ္ဌာန်းချက်တွင် “နိုင်ငံတော်အရေး အရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များ ရှိရမည်”ဟု အစား “ကာကွယ်ရေး အမြင်”ဟု တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးသွားသည့်အတွက် ကြိုဆိုပါသည် ဟု ပြော ကြားသည်။

အရပ်သားတစ်ဦးအား သမ္မတမဖြစ်စေရန် ပြဋ္ဌာန်းထားသည်ဟု ဝေဖန်ခံခဲ့ရသည့် အဆိုပါပုဒ်မကို အင်န် အယ်လ်ဒီက “လုံခြုံရေးအမြင်” ဟု ပြင်ဆင်ရန်အကြံပြုထားခြင်းဖြစ်သည်။

ပြုလွယ်ပြင်လွယ်ဖြစ်ဖို့ ၄၃၆ ပြင်ပါ

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို တင်ပြနေခြင်းသည်လည်း ဥပဒေဘောင်အတွင်း ဆင်ခြင်တုံတရား ရှိရှိနှင့် ပြုပြင်သွားနိုင်ရန် ထိုက်သင့်သည့် ပြုလွယ် ပြောင်းလွယ်ရှိရန် လိုအပ်ကြောင်းကို ပညာရှင်များက ထောက်ပြ သုံးသပ်ထားသည်ဟု ဆိုသည်။

လက်ရှိအခြေအနေအရ ပြည်သူ့ကိုယ်စားလှယ်အားလုံးက ပြင်ဆင်လိုသည့်တိုင် တပ်မတော်က တစ်နည်းအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးထဲက အပြီးသတ် ငြင်းဆိုပိုင်ခွင့် Practical Veto Power ကိုရ ယူထားရာရောက်သည့်အတွက် ဒီမိုကရေစီကို ဦးတည်သွားမည့်လမ်းကြောင်းပေါ်တွင် အခက်အခဲ၊ အကျပ်အတည်းဖြစ်နေသည်များကို ရှောင်ရှားရန်လိုသည်ဟု ဒေါ်စုစုလွင်က ပြောသည်။

လွှတ်တော်ဖျက်သိမ်းတာ ဒီမိုကရေစီခံတပ် ကို ဖျက်တာ

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏အစီရင်ခံစာတွင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အရေအတွက် သုံးပုံတစ်ပုံနှင့် အထက်အကြောင်းအမျိုး မျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော် သမ္မတအား အကြံပေး ရမည်ဟု အကြံပြု ထားသည်။

ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၁၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆလိုင်းခွဲယန်က “လွှတ်တော် ကို ဖျက်သိမ်းခြင်းဆိုတာ ဒီမိုကရေစီစနစ်ကို ကာကွယ်နေတဲ့ ခံတပ်ကြီးကို ဖျက်သိမ်းခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းအကြံပြုချက်များသည် ယခုဖော်ဆောင်နေသည့် အသွင်ကူးပြောင်းရေး ကာလဖြစ်စဉ်တစ်ခုဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြေလျှော့မှုများပြုလုပ်နေ ချိန်တွင် ဆန့်ကျင်ဘက်သဘောဖြစ်နေသည်ဟု ဆွေး နွေးသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင် က “အာဏာသုံးရပ် အချင်းချင်းထိန်းကျောင်းမှုတွေ ယိုယွင်းလာတယ် ဆိုတာကို ဘယ်လိုတိုင်းမှာလဲ” ဟု မေးခွန်းထုတ်သည်။

ကိုယ်စားလှယ်ရုပ်သိမ်းခွင့် ၂၀ ရာခိုင်နှုန်း ပြင်ရန်မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသန်းဝင်းက ကိုယ်စားလှယ်များအား ရုပ်သိမ်းရန် တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးတင် ပြပါက ဆွေးနွေးရန်လက်ခံသည့်အချက်အစား ၂၀ ရာခိုင်နှုန်းဟု ပြောင်းလဲပြင်ဆင်ရန် အကြံပြုသည်။

၎င်းက “တစ်ရာခိုင်နှုန်းလောက်နဲ့ တင်တာကို ဆွေးနွေးနေရရင် ကိုယ်စားလှယ်ကော၊ လွှတ်တော်ကော၊ ရွေးကောက်ပွဲကော်မရှင်ကော အလုပ်များပါတယ်” ဟု ပြောကြားသည်။

ဒေသတွင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်တွင် ၁၀ မှ ၂၀ ရာခိုင်နှုန်း၊ ကနေဒါ နိုင်ငံတွင် ၄၀ ရာခိုင်နှုန်း သက်မှတ်ထားသည်ဟုလည်း ၎င်းက ဆက်လက်ပြော ကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်ဒီ) သည် လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိုတစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန် ရပ်တည်ချက်ရှိသည်ဟု အင်န်အယ်ဒီပါတီ၊ ပြည်သူ့လွှတ်တော်အမတ်ဒေါ်စုစုလွင်က ပြောကြားသည်။