ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် သတင်းသမားအဖြစ် လုပ်ကိုင်ခဲ့ခြင်း ရှိမရှိကို မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း (MJA) ထံသို့ သဘောထားမှတ်ချက် တောင်းခံထားသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး က မဇ္စျိမကို ပြောသည်။
စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုပါကြီးသည် အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း ဂျာနယ်တွင်လည်း အောင်ကြီး အမည်ဖြင့် ဆောင်းပါးများ၊ သတင်းများ ရေးသားထားကြောင်းကို ဇနီးဖြစ်သူ မသန္တာက အထောက်အထားများဖြင့် ပေးပို့လာသောကြောင့် သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို စာနယ်ဇင်း အသင်းများဆီမှ မှတ်ချက်တောင်းခံခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကိုပါကြီးက အလွတ်သတင်းသမား တစ်ယောက် ဖြစ်တယ်ဆိုရင် PC (စာနယ်ဇင်းကောင်စီ) အနေနဲ့ အစည်းအဝေးထိုင်ပြီး တစ်စုံတစ်ခု ဆောင်ရွက်ပေးသွားမှာပါ” ဟု ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေးက ပြောသည်။
ထိုသို့ သဘောထားမှတ်ချက် တောင်းယူရာတွင် ကိုပါကြီး သတင်းဆောင်းပါးများ ဖော်ပြခဲ့သည်ဆိုသည့် ရန်ကုန်တိုင်း ဂျာနယ်ကို လည်း မေးမြန်းထားသည်ဟု ဆိုသည်။
အောင်ကြီးအမည်ဖြင့် သတင်းများ သတင်းဆောင်းပါးများ ဖော်ပြခဲ့သည်မှာ ရန်ကုန်တိုင်းဂျာနယ်မဟုတ်ဘဲ ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် ရပ်နားခဲ့သည့် ရန်ကုန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းစာတွင် အယ်ဒီတာချုပ်တာဝန်ယူခဲ့သူ လက်ရှိတွင် ဒီမိုကရေစီတူဒေးသတင်းစာမှ ဒုတိယ အယ်ဒီတာချုပ် ဦးလှိုင်ဘွားက မဇ္စျိမကိုပြောသည်။
“အသိတစ်ယောက် ချိတ်ပေးခဲ့လို့ အောင်ကြီးနာမည်နဲ့ သတင်းတွေ ဆောင်းပါတွေကို နိုင်ငံရပ်ခြား မြန်မာများဆိုတဲ့ ကဏ္ဍမှာ သုံးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
သတင်းစာတွင် အောင်ကြီးအမည်ဖြင့် ဆောင်းပါးတစ်ပုဒ်နှင့် သတင်း ၁၀ ပုဒ်ကျော် အသုံးပြုခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ကိုပါကြီးသည် အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး သတင်းဓါတ်ပုံများ၊ သတင်းများ၊ သတင်းဆောင်းပါးများကို ပြည်တွင်းပြည်ပ သတင်းဌာနများသို့ ပေးပို့နေသူဖြစ်ကြောင်း ၎င်းမိသားစုနှင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ သတင်းထောက်များက မဇ္စျိမကို ပြော ကြားထားသည်။
သို့သော် တပ်မတော်က အောက်တိုဘာ ၂၃ ရက်နှင့် အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ချက်တွင် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် သတင်းထောက်ဟု ပြောဆိုခဲ့ခြင်းမရှိဘဲ DKBA အဖွဲ့ဝင်ဟုသာ ဆိုခဲ့ပြီး တပ်မတော်မှ ထိန်းသိမ်းထားချိန်တွင် ကင်းစောင့်စစ်သည် ထံမှ သေနတ်ကို လုယူထွက်ပြေးသော ကြောင့် အခြားကင်းစောင့်စစ်သည်က ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာဖြင့် အောက်တိုဘာ ၄ ရက်တွင် သေဆုံးခဲ့သည်ဟု ဆိုထားသည်။