အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက် ကန့်ကွက်သည့် ကျောင်းသားများက ၎င်းတို့အဖွဲ့ (ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ)၊ ပညာရေး ပြုပြင်ပြောင်းလဲ ရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)၊ အစိုးရ နှင့် လွှတ်တော်တို့ လေးပွင့်ဆိုင် တွေ့ဆုံပေးရန် နိုဝင်ဘာ ၁၈ရက် ညနေက သတင်းစာရှင်းလင်းပွဲ တွင် တောင်းဆိုလိုက်သည်။
ထိုနေ့ နံနက်ကတည်းက ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီကလည်း သပိတ်မှောက်ဆန္ဒပြ သည့် ကျောင်းသားများအနေဖြင့် အစိုးရ (ပညာရေးဝန်ကြီးဌာန)နှင့် အချိန်မရွေး လာရောက် ဆွေးနွေးနိုင် သည်ဟု ဖိတ်ခေါ်ထားသည်။ ယင်းသို့ ဖိတ်ခေါ်အပြီး ကျောင်းသားများက လေးပွင့်ဆိုင် တွေ့ပေး ရန် တောင်းဆိုခြင်းလည်း ဖြစ်သည်။
"လေးပွင့်ဆိုင်တွေ့ရာမှာလည်း ဆွေးနွေးညှိနှိုင်းမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ် လို့ ယူဆတယ်"ဟု ကျောင်းသားများက ဆိုသည်။
အမျိုးသားပညာရေး ဥပဒေကို တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ပါဝင်သည့် ကျောင်းသား ၂၀၀ကျော် က လေးရက် ဆက်တိုက် သပိတ်မှောက် ဆန္ဒပြပြီးနောက် အစိုးရအနေဖြင့် နှစ်လအတွင်း ဖြေရှင်ပေး ရန် တောင်းဆိုခဲ့သည်။ ပညာရေးဝန်ကြီးကလည်း ကျောင်းသားများ၏ တောင်းဆိုမှုများကို လွှတ်တော်တွင်း တင်ပြကာ ဖြေရှင်းပေးမည်ဟု ဆိုထားသည်။