တိုင်းရင်းသားမျိုးနွယ်စု ပြဿနာ ဖြေရှင်းရေး ညီလာခံကို ၂၀၁၅ ခုနှစ် အကုန်မှ စတင်ကျင်းပနိုင်မည်ဟု ဗဟိုသန်းခေါင် စာရင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က မဇ္စျိမကိုပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်ဘဲ စိတ်ကြိုက် ဖြေဆိုထားသော မျိုးနွယ်စုများနှင့် ပတ်သက်ပြီး ဖြေရှင်းမည်ဖြစ်ရာ ယင်းညီလာခံကို ၂၀၁၅ ခုနှစ်ကုန်မှ စတင်နိုင်မည် ဖြစ်သည်။
ဦးမြင့်ကြိုင်က "၁၃၅မျိုးထဲက မပါတဲ့ ကိုယ့်စိတ်ကြိုက်ပြောထားတဲ့ မျိုးနွယ်စုတွေကို မေးခွန်းစာရွတ် ၁၁သန်းထဲက ပြန်စစ်နေရပါတယ်၊ မေးခွန်းတွေကို စက်နဲ့ ဖတ်တာတော့ လုံးဝပြီးသွားပြီ အခြားထဲမှာပါတဲ့ ကုတ်နံပါတ်မရှိလို့ စက်ကမဖြတ်တာတွေကို စာရင်းပြုစုနေပါတယ်" ဟု ဆိုသည်။
အိမ်ထောင်စုပေါင်း ၁၁သန်းအတွက် အသုံးပြုခဲ့သည့် မေးခွန်းစာရွက် ၁၁သန်းအတွင်း မိမိကြိုက်ရာ ဖြေဆို ထားကြသည့် တိုင်းရင်းသားမျိုးနွယ်စုများကို လူအင်အားသုံးကာ ပြန်လည်ပြုစုနေခြင်း ဖြစ်သည်။
မတ်လ ၃၁ရက်မှ ဧပြီလ ၁၀ရက်ထိ ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁.၄ သန်းကျော်ထိရှိသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ၂၀၁၄ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
တိုင်းရင်းသားသန်းခေါင်စာရင်းရေးရာ ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခွန်ဂျာက "ကချင်ပြည် နယ်ဖက်ကို ဝင်လာတဲ့ တရုတ်တွေရှိတယ် သူတို့ကို တရုတ်ဆိုပြီး ဘယ်သူမှ မှတ်ပုံတင်မထုတ်ပေးထားဘူး။ သူတို့တွေက လီးဆူး၊ ဂျိမ်းဖောဆိုပြီး ဖြစ်သွားတာတွေရှိတယ်။ ရခိုင်မှာလည်း ဘင်္ဂါလီ၊ ရိုဟင်ဂျာ ရှုပ်ထွေးမှုတွေ ပိုလာနိုင်တယ်"ဟု ပြောသည်။
မျိုးနွယ်စုသတ်မှတ်ရေး ဆောင်ရွက်ရာတွင် ကချင်ပြည်နယ် ကေအိုင်အိုထိန်းချုပ်နယ်မြေ၊ ဒုက္ခသည် စခန်းများ၊ တအောင်း၊ ပလောင် ဒေသများတွင် သန်းခေါင်စာရင်း မပါသဖြင့် ကချင်မျိုးနွယ်စု သတ်မှတ်ရေး အခက်အခဲများ ရှိမည်ဟုလည်း ၎င်းကဆိုသည်။
မျိုးနွယ်စု ဖြေရှင်းရာတွင် မြန်မာနိုင်ငံက သတ်မှတ်ထားသည့် မျိုးနွယ်စုစာရင်းရှိသူများသာ ပါ၀င်မည်ဟု ဦးမြင့်ကြိုင်က ရှေ့ပြေးလူဦးရေ စာရင်းထုတ်ပြန်သည့် သြဂုတ်လ ၁ ရက်တွင် ဆိုထား သည်။
၁၂ ရက်ကြာ ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းအရ သတ်မှတ်ထားသည့် မျိုးနွယ်စု ၁၃၅ မျိုးထက် ၃၅ မျိုးကျော် ပိုမိုနေပြီဖြစ်ကြောင်း သြဂုတ်လအတွင်း မျိုးနွယ်စု သတ်မှတ်နိုင်ရေး စိစစ်ခဲ့သည့် ကော်မရှင်စာရင်းများအရ သိရသည်။