ကာကွယ်ရေး ကဏ္ဍအတွက် ဘတ်ဂျက်များ အလွန်အကျွံ သုံးစွဲခြင်းများကို လျှော့ချကာ ကလေးသူငယ် အခွင့်အရေးအတွက် ပိုမိုအသုံးပြုရန် အပါအဝင် ကလေးသူငယ်အခွင့် အရေးများအတွက် လိုအပ်ချက်များကို လူ့အခွင့်အရေး အဖွဲ့အစည်းများက နိုဝင်ဘာ ၁၇ ရက်တွင် သမ္မတ ဦးသိန်းစိန်ထံ စာပို့၍ တောင်းဆို လိုက်သည်။
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်တွင် လက်မှတ်ရေးထိုး ထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် အဆိုပါစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်ဆယ့်သုံးနှစ်ပြည့် ခဲ့ပြီဖြစ်သည်။
သမ္မတထံသို့ ပူးပေါင်းတောင်းဆိုစာပို့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ဒေါက်တာကျော်သူ (ပေါင်းကူး) က “ကာကွယ်ရေး အသုံးစရိတ်တွေက များလွန်းတဲ့အတွက် တစ်ဖက်ကလုပ်ရမယ့် ကိစ္စတွေမှာ လျော့ကျ သွားတယ်၊ အထူးသဖြင့် ကလေးအားလုံး ပညာရေးစနစ်မှာ ပါဝင်မလာနိုင်ဘူး။ ဒါကို အစိုးရကဖြည့် ဆည်းပေးရမယ်” ဟု ဆိုသည်။
သမ္မတထံသို့ ပေးပို့သည့်စာတွင် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့အစည်း ၄၀ ကျော်က မြန်မာနိုင်ငံ ကလေးသူငယ် ဥပဒေကို ပြန်လည် သုံးသပ်မှုများ လုပ်ဆောင်ရန်၊ ကာကွယ်ရေးကဏ္ဍတွင် ဘတ်ဂျက်များ အလွန် အကျွံသုံးစွဲခြင်းကို လျှော့ချပြီး ကလေးအခွင့်အရေး များ မြှင့်တင်ပေးရေးအတွက် ပညာရေး၊ကျန်းမာရေးနှင့် လူမှုဖူလုံရေး ကဏ္ဍများတွင် ဘဏ္ဍာငွေများ ပိုမိုသုံးစွဲရန် တောင်းဆို ထားခြင်း ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂက ပြဋ္ဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်ပါ အခွင့်အရေးကို မြန်မာနိုင်ငံက အကောင်အထည် ဖော်နိုင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်က “လူ့အခွင့် အရေးရှု ထောင့်ကကြည့်ရင်တော့ ကလေးသူငယ်တွေရ တဲ့ အခွင့်အရေးက အများကြီးလို အပ်ပါသေးတယ်။ သို့သော် ကျွန်တော် တို့က နိုင်ငံတော်ရဲ့ ဓနအင်အားကို လည်း ထည့်တွက်စဉ်းစားရမှာပေါ့” ဟု ဆိုသည်။
သမ္မတထံ တောင်းဆိုချက်များတွင် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးစစ်သားစု ဆောင်းမှု၊ ကလေးအလုပ် သမား စေခိုင်းမှုများကိုထိန်းချုပ်ရန်၊ စစ်ဘေးသင့်ဒေသများမှ ကလေးသူငယ်များ ကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ပေးရန် စသော အချက်များပါဝင်သည်။
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးစာချုပ်ကို ၁၉၉၁ ခုနှစ်က လက်မှတ်ရေး ထိုးထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂၀၁၄-၁၅ ခုနှစ် အတွက် ကာကွယ် ရေးဆိုင်ရာအ သုံးစရိတ်မှာ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံခန့် ဖြစ်သည်။