အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သပိတ်မှောက်ပွဲ တတိယနေ့အဖြစ် နိုဝင်ဘာ ၁၆ ရက် (အမျိုးသားနေ့) တွင် ဆက်လက်ပြုလုပ်သည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲ ခန့်တွင် နိုင်ငံလုံးဆိုင်ရာကျောင်းသား အင်အား ၃၀၀ ကျော်က ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားမှ စတင်ထွက်ခွာ၍ အမျိုးသားပညာရေး ဥပဒေကို အလိုမရှိကြောင်း သပိတ်မှောက်ခဲ့သည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က “၁၉၂၀ တုန်းက ပထမကျောင်း သားသပိတ်က သပိတ်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတယ်။ ဒီမိုကရေစီပညာရေး တိုက်ပွဲက ခုချိန်ထိလည်း မပြီးဆုံးသေးဘူး။ ကြေးသွန်းဘုရားရှေ့မှာ အမျိုးသားအောင် ပွဲနေ့ကျင်းပတယ်” ဟု ပြောသည်။
နံနက် ၁၀ ခန့်နာရီက ရွှေတိဂုံအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးတွင် အဆင့်မြင့်ပညာဦးစီး ဌာန အောက်မြန်မာ ပြည်ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် တက္ကသိုလ်အသီးသီးမှ ပါမောက်္ခချုပ်များက ဒီမိုက ရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီဝင် ၁၅ ဦးတို့ကို တွေ့ဆုံသည်။
“ဒီနေ့သွားတဲ့ရည်ရွယ်ချက်က ကျောင်းသားတွေတောင်းဆိုနေတာရှိခဲ့ရင်တို့ ဥပဒေတွေထဲမှာ ကျန်နေခဲ့ တာရှိခဲ့ရင် နောက်ဆက်တွဲ ကဏ္ဍအလိုက် ဥပဒေမှာထည့်ပေးဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားဝင် ဖြန်ဖြေပေးတဲ့သဘောပါ။ သူတို့ တောင်းဆိုထားတဲ့ အချက် ခြောက်ချက်အပေါ်မှာညွှန်ကြားရေး မှူးချုပ်က ဦးဆောင်ဆွေးနွေးတာပါ” ဟု ဆွေးနွေးပွဲတွင် ပါ၀င်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက ပြောသည်။
ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီဝင် မဖြိုးဖြိုးအောင်က “သူတို့က ပညာရေးဥပဒေနဲ့ပတ်သက်ပြီး နည်းဥပဒေမှာ ၀င်ရောက်ညှိနှိုင်းဖို့ ပြောတယ်။ မူဝါဒ ဥပဒေမှာမှ ကျွန်မတို့လိုချင်တဲ့အချက်တွေ မပါဘူးဆိုရင် နည်းဥပဒေမှာညှိနှိုင်းဖို့ ပိုခက်တယ်” ဟု ပြောသည်။
ယင်းနောက် ရွှေတိဂုံရင်ပြင်တော်အရှေ့ဘက်မုခ်မှတက်၍ စေတီတော်ကိုလက် ယာရစ်တစ်ပတ်ပတ်ပြီး စနေထောင့်တွင် ဆုတောင်းခြင်း၊ စနေထောင့်ရှိ ပထမ ကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်တွင် သစ္စာဆိုကြသည်။
ထားဝယ်တက္ကသိုလ်၊ အဝေးသင်သချင်္ာ တတိယနှစ် ကျောင်းသူ မမျိုးငယ်လေးက “သပိတ်ထဲဝင်ပါတာ မိဘတွေအနေနဲ့ စိတ်ပူတာတော့ ရှိတယ်။ ဒီခေတ်ကြီးမှာ မွေးဖွားတဲ့အတွက် ဒီလိုပါ၀င်ရမယ်လို့ပြောတယ်။ ညီမကနောင်တမရဘူး။ ဒီထဲကိုဝင်လာပြီး ကတည်းက ကိုယ်ရဲ့ဆုံးဖြတ်ချက်က ခိုင်မာပြီးသား။ ဘာမှစိတ် မပူဘူး” ဟု ပြောသည်။
ကြည့်မြင့်တိုင်မြို့နယ်နေ အဝေးသင် ပထမနှစ် ဒဿနိကဗေဒကျောင်းသား သူရထွေး၏ဖခင် ဦးကျော်ကျော်ထွန်းက “ ပညာရေးမှာသူတို့ သင်နေရတဲ့အခက်အခဲက သူတို့အသိဆုံးပဲ။ စိုးရိမ်မှုမဖြစ်ဘူး လို့လည်းပြော လို့မရဘူး။ နည်းနည်းပါးပါးရှိတယ်” ဟုပြောသည်။
သပိတ်မှောက် ကျောင်းသားအဖွဲ့သည် ရွေတိဂုံအရှေ့ဘက်မုခ်ရှိ ယခင်သပိတ်မှောက် ကျောင်းသားများ အနားယူခဲ့သည့် ဦးအရိယ ကျောင်းတိုက်တွင် ခေတ္တနားပြီး ယင်းမှတောင်ဘက်မုခ်ရှိ သခင်ကိုယ်တော်မှိုင်း ဂူဗိဗာန်နှင့် ဦးသန့်ဂူဗိဗာန်တို့အား ဂါရဝပြုပြီးနောက် ပြည်သူ့ဥယျာဉ်ရှေ့ ရန်ကုန်တိုင်းလွှတ်တော်ကို မျက်နှာမူကာ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ခဲ့ကြရာ ညနေငါးနာရီခွဲခန့်တွင် အစီအစဉ်ပြီးဆုံးခဲ့သည်။
ဆန္ဒပြပွဲကို ဒီမိုကရေစီလှုပ်ရှားမှုများ မြှင့်တင်သည့်ကော်မတီများ၊ လူထုလှုပ်ရှား မှုမြင့်တင်ရေးကော်မတီ များ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ်ပါတီတို့ ပူးပေါင်းပါ၀င်သည်။
သပိတ်မှောက် တတိယနေ့တွင် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေး ကြေညာ ချက် နှင့် ကျောင်းသားထု၏ ဆန္ဒဖော်ထုတ် သပိတ်တိုက်ပွဲ ဆင်နွွှဲမှုများအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ ဆရာမများအဖွဲ့ချုပ်က ထောက်ခံသည့် သဘောထားကြေညာချက် ခြောက်ချက်ကို ထုတ်ပြန်ခဲ့သည်။
ပြည်သူ့လှုပ်ရှားမှု ကွန်ရက်ကလည်း သပိတ်တိုက်ပွဲဝင် ကျောင်းသားများကို ခြွင်းချက်မရှိ ထောက်ခံ ကြောင်းကြေညာသည်။
အမျိုးသားပညာရေး ဥပဒေပါပြဋ္ဌာန်းချက်များသည် လွတ်လပ်စွာပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟို ချုပ်ကိုင်မှုဖြင့် ချည်နှောင်ထားပြီး ပညာရေးမူဝါဒများသည် ဒီမိုကရေ စီမဆန်ခြင်း၊ လူ့အခွင့်အရေး တန်းတူ ညီမျှမှုမရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မပေးနိုင်ခြင်းတို့ကြောင့် နိုဝင်ဘာ ၁၄ရက်၊ မြို့တော်ခန်းမရှေ့မှစ၍ သပိတ်မှောက်သည်ဟု ကျောင်းသားများက ပြောသည်။
“အခုလို ဆန္ဒပြတဲ့အတွက် အဖမ်းခံရ နိုင်၊ အကြမ်းဖက်ခံရနိုင်တယ်ဆိုတာသိ ရက်နဲ့ လာတာ။ ကြောက်စရာ အကြောင်း တစ်ကွက်မှမရှိဘူး” ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူ မပန်စုဝေ က မဇ္ဈိမကို ပြောသည်။
ဆန္ဒပြပွဲနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာရင်ရင်နွယ်က ” သူတို့တောင်းဆိုတဲ့ ဗဟို ချုပ်ကိုင်မှုကိစ္စက အမျိုးသားပညာရေး ဥပဒေမှာ ရေးထားတာ နိုင်ငံတော်က လွတ်လပ်မှုတွေပေးမယ်လို့ရေး ထားတာဟာ တော်ရုံတန်ရုံ အပြောင်းအလဲတွေမဟုတ်ပါဘူး။ ဗဟိုဆိုတာလည်း ဥပဒေကိုပြင်ဆင်ဖို့ ထိန်း သိမ်းဖို့အတွက် အခွင့်အာဏာရှိတဲ့ အတိုင်းအတာ တစ်ခုတော့လိုတယ်။ ဆရာဆရာမတွေ အနေနဲ့လည်း စာမေးပွဲတွေ သင်ကြားခွင့်တွေ လွတ်လပ်ဖို့ပဲ။ အဲဒါထက် ပိုလွတ်လပ်ချင်တယ် ဆိုရင်တော့ ဘယ်လွယ်ပါ့ မလဲ။ နိုင်ငံပိုင် တက္ကသိုလ်တွေလေ။ စည်းကမ်းတစ်ခုတော့ ထားရမှာပဲလေ” ဟု ပြောသည်။
”ကျောင်းသားသမဂ္ဂကိစ္စကိုလည်း ကျွန်မတို့က ငြင်းဆန်တာမဟုတ်ပါဘူး။ ဒီဥပဒေမှာ ဒါကထည့်လို့ မဖြစ်ဘူး။ အမျိုးသားပညာရေး ဥပဒေက ပညာရေးအတွက် သက်သက်ရေးတဲ့ဥပဒေ။ အသင်းအဖွဲ့တွေအတွက် ဥပဒေသက်သက်ရှိမှာ ဖြစ်လို့မထည့်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ကန့်ကွက်မှုများစွာရှိနေသော ပညာရေးဥပဒေကို သမ္မတဦးသိန်းစိန်က မြန်မာ့ပညာရေးသမိုင်းတွင် မှတ်တမ်းတွင် ရစ်မည့် မြန်မာတစ်မျိုးသားလုံး၏ ပညာရေး အရည်အသွေးကို မြှင့်တင်နိုင်ရန် ပြည်သူ့ဆန္ဒ အခြေပြု လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခွင့်ရှိသည့် ပထမဦးဆုံးသော အမျိုးသား ပညာ ရေးဥပဒေဟု (၉၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်း အမှတ်အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာတွင် ရေးသားထားသည်။
“ကျွန်တော်တို့ကျောင်းသားတွေကို အသိမပေး၊ ဆန္ဒမယူဘဲ လွှတ်တော်ထဲမှာ တစ်ဖက်သတ်လိုရာ ကိုဆွဲ ယူပြီး အတည်ပြုခဲ့တဲ့ ဒီအမျိုးသားပညာရေး ဥပဒေကို ကျွန်တော်တို့ လုံးဝအလိုမရှိပါဘူး” ဟု ပြည်တက္ကသိုလ် အဝေးသင် ပထမနှစ် ကျောင်းသား မောင်ကောင်းမြတ်ဌေးက ပြောသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးလိုလျှင် ကျောင်းသားများ တောင်းဆိုသောအချက်အချို့ကိုသာ ပြင်ဆင်ရမည်ဖြစ်ပြီး များစွာအခက်အခဲမရှိ နိုင််ကြောင်း တရားရုံးချုပ်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။ တောင်းဆိုချက်များမှာ ကျိုးကြောင်းဆီလျော်မှု ရှိ၍ နိုင်ငံတကာတွင် ကျင့်သုံးနေကြသည့် အချက်များသာဖြစ် သည်ဟု ၎င်းက ဆိုသည်။
အမျိုးသားပညာရေး ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးသော်လည်း နည်းဥပဒေထွက်ရှိရန် ကျန်ရှိနေသေးပြီး နောက် ဆက်တွဲ ကဏ္ဍအလိုက် အဆင့်မြင့်ပညာဥပဒေ၊ အခြေခံပညာဥပဒေ၊ နည်းပညာဥပဒေများ ထွက်ရှိ ရန် ကျန်ရှိနေသေးကြောင်း၊ ဆန္ဒပြ ကျောင်းသားများ ၏ တောင်းဆိုချက်များမှာ ကျိုးကြောင်းဆီလျော်မှုရှိပါ က နောက်ဆက် တွဲဥပဒေများတွက် ထည့်သွင်းပေးနိုင်ရန် ပညာဝန်ကြီးဌာနက ကြားဝင်ညှိနှိုင်းခြင် ဖြစ် သည်ဟု ဒေါက်တာအောင်သူက ရှင်းလင်းသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကော်မတီက ရေးဆွဲထားသော အဆင့်မြင့် ပညာရေးဥပဒေမူကြမ်းတွင် ကျောင်းသားသမဂ္ဂနှင့် သက်ဆိုင်သောတာဝန်၊ လုပ်ငန်း၊ ဥပဒေစသည့် အချက်သုံးချက်ကို ထည့်သွင်းရေးဆွဲထားသည်ဟု ကော်မတီအဖွဲ့ဝင် ဒေါက်တာ အောင်သူက ပြောသည်။
ကျောင်းသားသပိတ်နှင့် အမျိုးသားနေ့
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၂၀ တွင် ဗြိတိသျှ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ် ကျောင်းသားကြီးများက ဦးဆောင်သည့် ပထမဦးဆုံးကျောင်းသား သပိတ်စတင်ခဲ့သည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ သည်။
၁၉၂၀ ပြည့်နှစ်က ရန်ကုန်တက္ကသိုလ် ကျောင်းသား ၁၁ ဦးသည် အမျိုးသားပညာရေးနှင့် ပတ်သက်သော ကျောင်းသားထုအားလုံး၏ လွတ်လပ်စွာရွေးချယ်ခွင့်နှင့် ဆန္ဒသဘောထားများကို ကန့်သတ်ချုပ်ချယ်သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို ဆင်နွှဲသည်။ မြန်မာနိုင်ငံအနှံ့မှ တိုင်း ရင်းသားများ၊ ရဟန်းရှင်လူ၊ ပြည်သူများလက်တွဲ ပါ၀င်ခဲ့ကြသည့် ကျောင်သားသပိတ် စတင်ခဲ့ခြင်းဖြစ် သည်။