ဘွဲ့ရရုံဖြင့် အဆုံးမသတ်စေသည့် တက္ကသိုလ် ပညာရေးကို ဖော်ဆောင်နေဟု သမ္မတ ပြော

ဘွဲ့ရရုံဖြင့် အဆုံးမသတ်စေသည့် တက္ကသိုလ် ပညာရေးကို ဖော်ဆောင်နေဟု သမ္မတ ပြော
by -
မဇ္စျိမ

တက္ကသိုလ်များတွင် ဘွဲ့တစ်ခုခုရရုံဖြင့် အဆုံးမသတ်စေဘဲ လွတ်လပ်၍တက်ကြွသော ပညာရပ် ဝန်းကျင်ကောင်းများ ပေါ်ထွန်းရေးကို အထူးအလေးပေးဆောင်ရွက်နေသည်ဟု နိုဝင်ဘာလ ၁၆ရက်နေ့တွင် ကျရောက်သည့် (၉၄ ) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် ရေးသားထားသည်။

“ဘွဲ့တစ်ခုရရုံဖြင့် မပြီးစေဘဲ စည်းကမ်းရှိ၍ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် စွမ်းရည်ပြည့်ဝသော လူငယ်များပေါ်ထွန်း လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း များကို ဆောင်ရွက်လျက်ရှိပေသည်” ဟု သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

U-Thein-Sain-001

သို့သော် လက်ရှိ တက္ကသိုလ်ပညာရေးသည် တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် ကန့်သတ်ထားခြင်းကြောင့် နှစ်သက်ရာ တက္ကသိုလ် တစ်ခုခုကို ရွေးချယ်ခွင့်မရှိခြင်း၊ ဘွဲ့ရသော်လည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတို့နှင့် ရင်ဆိုင်နေရသည်ဟု ဝေဖန်ခံနေရသည်။

ထို့ပြင် သင်ယူလေ့ထားထားသည့် ဘာသာရပ်၊ ရရှိထားသည့်ဘွဲ့တို့မှာလည်း လုပ်ငန်းခွင့်နှင့် ကွာဟနေမှုမှာ ဒုနှင့်ဒေးပင် ဖြစ်သည်။

တက္ကသိုလ်များ၏ ပညာအရင်းအမြစ်များကို ထိရောက်စွာ ဆက်စပ်အသုံးပြုနိုင်အောင် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသ အလိုက် ထွက်ရှိသော သဘာဝသယံဇာ တနှင့် အရင်းအမြစ်များကို ရှာဖွေစူးစမ်း သုတေသနပြုခြင်းနှင့် အနာဂတ်တွင် ထုတ်ယူအသုံးပြုနိုင်အောင် ကြိုတင်စီစဉ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွား ရမည်ဟု သဝဏ်လွှာတွင် ပါရှိသည်။

ရန်ကုန်မြို့တွင် တက္ကသိုလ်ကျောင်းသားများ သုံးရက်ဆက်တိုက် ကန့်ကွက်သပိတ်မှောက်နေသည့် “အမျိုးသား ပညာရေးဥပဒေ” ကိုလည်း သမ္မတက “မြန်မာ့ ပညာရေးတွင် မှတ်တမ်းတင်မည့် မြန်မာတစ်မျိုးသားလုံး၏ ပညာ ရေးကို မြှင့်တင်နိုင်ရန် ပြည်သူ့ဆန္ဒအခြေပြု လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခွင့်ရှိသည့် ပထမဆုံးသော ဥပဒေ” ဟု အမျိုးသားနေ့ အထိမ်းအမှတ်သဝဏ်လွှာတွင် ရည်ညွှန်းထားသည်။

အမျိုးသားနေ့သည် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည်ကျော် ၁၀ ရက်နေ့၊ အင်္ဂ လိပ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် ဗြိတိသျှနယ်ချဲ့လက်အောက်ရှိ မြန်မာတိုင်းရင်းသား ပြည်သူလူထုများအား အထက်တန်းပညာ တက္ကသိုလ်အထိ သင်ကြားခွင့် မရစေသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင်ကာ ပထမဦးဆုံး ကျောင်းသားသပိတ် စတင်ခဲ့သည််နေ့ ဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၁၆(တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် (၉၄) နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်   မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးသားပညာရည် မြင့်မားရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေးတို့ ဖြစ်သည်။