ရှမ်းပြည်နယ်တွင်း စစ်အင်အားတိုးချဲ့မှုရပ်ရန် အိုဘားမားထံ ရှမ်းအဖွဲ့များတောင်းဆို

ရှမ်းပြည်နယ်တွင်း စစ်အင်အားတိုးချဲ့မှုရပ်ရန် အိုဘားမားထံ ရှမ်းအဖွဲ့များတောင်းဆို
by -
မဇ္စျိမ

ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်း အစိုးရ စစ်တပ်၏ တိုးချဲ့မှုနှင့် ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းပေးရန် စသည့် အချက်ငါးချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်ဆောင် ထုတ်ကာ အမေရိကန် သမ္မတ အိုဘားမားအား ရှမ်းလူထု အခြေပြု အဖွဲ့အစည်း ၁၂ ဖွဲ့က နိုဝင်ဘာ ၁၃ရက်က တောင်းဆိုလိုက်သည်။

“ကျွန်မတို့ အိုဘာမားကို ပြောချင်တာက အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့လည်း တွေ့မယ် ဆိုတော့ မြန်မာအစိုးရကိုရော နိုင်ငံတကာ အစိုးရကိုရော သူက မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားထပ်ပေးစေချင်တယ်။ တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ၊ စစ်တပ်အင်အား တိုးချဲ့တာတွေကို ပြန်ပြီး ရုတ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို ပြောပေးစေချင်တယ်” ဟု ရှမ်းလူထု အခြေပြုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖက မဇ္စျိမကို ပြောသည်။

US-President-Obama-25th-ASEAN-Summit-Conference-01

ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်နှင့် တခြားတိုင်းရင်းသားဒေသရှိ ထိုးစစ်များကို မြန်မာအစိုးရ စစ်တပ်မှ ချက်ချင်း ရပ်တန့်ရန်၊ စစ်တပ် တိုးချဲ့ခြင်း မပြုလုပ်ရန်၊ ပဋိပက္ခဖြစ်ဒေသများမှ စစ်တပ်များ ရုတ်သိမ်းပေးရန်၊ တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် တောင်းဆိုထားသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် နိုင်ငံရေး ဆွေးနွေးပွဲစတင်ရန်၊ ပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းပြီးမှ တိုင်းရင်းသားနယ်မြေအတွင်းရှိ သယံဇာတများ ထုတ်ယူခြင်း၊ အကြီးစားဖွံ့ဖြိုးမှုလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ရပ်တန့်ရန်တို့ကို ထည့်သွင်း တောင်းဆိုထားသည်။

မကြာမီက ရှမ်းပြည်နယ်အတွင်း ကြီးမားသည့် ဆည်ဆောက်လုပ်ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ လုပ်ဆောင်နေသော မြန်မာအစိုးရအဖွဲ့ဝင် ဦးအောင်သောင်းအား အမေရိကန်အစိုးရမှ နာမည်ပျက်စာရင်း ထည့်သွင်းခြင်းကိုလည်း ကြိုဆိုသည်ဟု ယိန်းဟန်ဖက ပြောသည်။

ထို့ပြင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုအတွက် တိုင်းရင်းသားလူထု၏ တောင်းဆိုချက်ကို အားပေးခြင်းဖြင့် အမေရိကန်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အကျိုးပြုသူဖြစ်စေရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ရ ရက်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံသို့ လာရောက်စဉ် ရှမ်းပြည်နယ်အတွင်း အစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှု ရပ်တန့်ခိုင်းရန် ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာပို့ခဲ့သော်လည်း ယနေ့ထိ တစ်စုံတစ်ရာ ပြောင်းလဲလာခြင်း မရှိသဖြင့် သမ္မတ အိုဘားမားထံ ထပ်မံ တောင်းဆိုရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလဲ့ပြီး နေပြည်တော် တွင် မြန်မာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ အရှေ့-အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံ -အမေရိကန် ထိပ်သီးအစည်းအဝေးပွဲများ တက်ရောက်ပြီး နိုဝင်ဘာ ၁၄ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မိန့်ခွန်းပြောပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန်ရှိသည်။ ယင်းအပြင် ညနေပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် တွေ့ဆုံမည် ဖြစ်သည်။