မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် နိုင်ငံတကာက အကောင်းမြင်လွန်းနေသဖြင့် တိုင်းရင်းသားနယ်မြေများတွင် လူ့အခွင့်အရေး ချိုးဖော်မှု များအပါအဝင် ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို “Attacks on Peace” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံရှိ လူမှုအဖွဲ့အစည်းများက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် နိုဝင်ဘာ ၁၂ ရက်က ဆွေးနွေးခဲ့သည်။
ချင်းမိုင်တက္ကသိုလ်မှ Dr. Chayan Vaddhanaphuti၊ ကချင် အမျိုးသမီးအစည်းအရုံး (KWAT)၊ ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင် (SHRF)၊ ကရင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးလှုပ်ရှားမှု ကွန်ရက်အဖွဲ့ (KESAN)နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)တို့က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတကာအတိုင်းအဝိုင်းက အစိုးရကနေ ငြိမ်းချမ်းရေး လမ်းစဉ် ကို ဖော်ဆောင်နေတယ်။ ပြီးတော့ အောင်မြင်နေသလောက် ရှိပြီလို့ မြင် တယ်။ နိုင်ငံတကာ ဆန်ရှင်တွေလည်း တချို့ရုတ်သိမ်းလိုက်တယ်။ အစိုးရ အချင်းချင်း engagement တွေ ပိုများလာတယ်။ နိုင်ငံ တကာ ထောက်ပံ့ မှုတွေ ကလည်း နေပြည်တော်ဘက် သွားတာများတယ်။ တိုင်းရင်းသား နယ်မြေထဲတကယ် ဖြစ်ပျက်နေတာကို လစ်လျိုရှု့တာမဟုတ်ပေမဲ့ သိပ်ပြီး မပြောကြတော့ဘူး။” ဟု လူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ နန်းခွန်လိတ်က မဇ္စျိမကို ပြောသည်။
လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်ရပ်ရေး လက်မှတ်ရေးထိုး ထားပြီး ဖြစ်သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း၊ အစိုးရဘက်မှ စစ်အင်အား တိုးချဲ့ခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေ၍ ပဋိပက္ခဖြစ်စေသည့် လုပ်ရပ်များ ရပ်ဆိုင်းရန် တိုက်တွန်းလိုက်သည်။
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို အမေရိကန်က အကောင်းမြင်လွန်းနေပြီး ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ သိသာသည့် ပြောင်းလဲမှု မရှိဟု နိုဝင်ဘာ ၅ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“Attacks on Peace” ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်၌ နိုဝင်ဘာလ ရ ရက်က ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့(KRW) က ထုတ်ဝေခဲ့သော လက်ရှိ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက် ခံရမှု အခြေအနေများကို ဖော်ပြထားသော “Afraid to Go Home” အမည်ရှိ အစီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့သည်။
ယင်းအစီရင်ခံစာ၌ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁၇ ရက်ထိ ကရင်ပြည်နယ် ဘားအံ့မြို့၊ ဖာပွန်မြို့နယ်နှင့် မွန်ပြည်နယ် အတွင်း အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဗီဒီယို မှတ်တမ်းများကို ပြသခဲ့သည်။