ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဒန်ယန်ကျေးရွာမှ ရေမဆေးကျောက် ကောက်နေသည့် အသက် ၂၀ နှစ်အရွယ် ဦးဖုတ်လောင် ကွမ်ဂျားအောင် ခေါ် ဇယ်လွမ်းအား တောက်ပကြယ် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီမှ မြေစာချသည့် ကရိန်းကားဖြင့် ကုတ်မိ၍ အပိုင်းပိုင်းပြတ် သေဆုံးမှုကို နစ်နာကြေးအဖြစ် ကုမ္ပဏီက ကျပ်သိန်း ၂၀၀ ပေးမည်ဟု နိုဝင်ဘာလ ၁၀ ရက်က ပြောကြောင်း သေဆုံးသူ၏ အစ်ကို ဦးဘရန်နန်က မဇ္စျိမကို ပြောသည်။
ဖားကန့်မြို့နယ် ကချင်ရိုးရာနှင့် ယဉ်ကျေးမှုအဖွဲ့၊ သေဆုံးသူ၏ မိသားစုများနှင့် တောက်ပကြယ် ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးစဉ် နစ်နာကြေးအဖြစ် သိန်း၂၀၀ ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
“ဒီနေ့ ကုမ္ပဏီက သိန်း ၂၀၀ ပေးမယ်ဆိုပြီး ပြောလာတယ်။ ကချင်ရိုးရာကို လေးစားတဲ့အနေနဲ့ သူတို့ ဖြေရှင်းပေးတာကိုပဲ လက်ခံတယ်။ ကျွန်တော့်ညီအတွက် တန်ဖိုးဖြတ်လို့မရတဲ့အတွက် ကျေနပ်ဖို့က မရှိဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
သေဆုံးသူ၏ မိသားစုက ကချင်ရိုးရာနှင့်ယဉ်ကျေးမှုအဖွဲ့အား ညှိနှိုင်းပေးရန် အကူအညီ တောင်းခံထားသဖြင့် ကချင်ရိုးရာနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကုမ္ပဏီကို နစ်နာကြေးအတွက် ကျပ်သိန်း ၄ ထောင် တောင်းဆိုထားသော်လည်း သိန်း ၂၀၀ သာ ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၁ ရက်တွင်လည်း ကချင်ရိုးရာနှင့် ယဉ်ကျေးမှုအဖွဲ့က တောက်ပကြယ် ကုမ္ပဏီနှင့် ထပ်မံ ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။
အောက်တိုဘာလ ၃၁ ရက်က ဝဂျေမှော်တွင် တောက်ပကြယ်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ မြေစာလာချစဉ် ကရိန်းကားဖြင့် မြေကြီးများနှင့်အတူ ကုတ်မိ၍ ဘယ်ဖက်လက်တဖက်တစ်ပိုင်း၊ ခန္ဒကိုယ်နှင့် ညလက်တစ်ပိုင်း၊ ခေါင်းနှင့် ခြေထောက်အပိုင်း လေးပိုင်းပြတ်နေသော ဦးကွမ်ဂျားအောင်၏ အလောင်းကို တွေ့ရှိခဲ့ပြီး နိုဝင်ဘာလ ၂ ရက်တွင် မီးရှုံ့သဂြိုလ်လိုက်သည်ဟု သိရသည်။
“ကုမ္ပဏီက ဘက်ဖိုးမောင်းတဲ့ သူကိုယ်တိုင် အလောင်းကို ဖျောက်လိုက်တယ်ဆိုပြီး ဝန်ခံတယ်။ အစိုးရ စစ်တပ်က စစ်ဆေးနေတယ်။”ဟု ဦးဘရန်နန်က ပြောသည်။
သေဆုံးသူ ဦးကွမ်ဂျားအောင်တွင် ကလေးတစ်ဦး၊ ကိုယ်ဝန်နှင့် ဇနီး ကျန်ရစ်ခဲ့သည်ဟု သိရသည်။
သေဆုံးမှုနှင့် ပတ်သက်၍ တောက်ပကြယ် ကုမ္ပဏီမှ စက်ယန္တရားကြီး(ကရိန်းကား) မောင်းသူ ဦးဇော်ဦးအား ဖားကန့်ရဲစခန်းက စစ်ဆေးနေပြီဟု တောက်ပကြယ် ကုမ္ပဏီ ရုံးအဖွဲ့မှ ဦးဝင်းနိုင်က မဇ္စျိမကို ပြောသည်။
“မြေပြိုပြီးမှ ကျွန်တော်တို့ ကုမ္ပဏီက ကုတ်နေတဲ့အချိန် မသိလို့ ကုတ်မိသွားတာ။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး၊ အမှုဖွင့်တာတော့ မရှိသေးဘူး။ ကျွန်တော်တို့ အခုလောလောဆယ်။ ကချင်ရိုးရာနဲ့ ကံယံကံရှင်နဲ့ ညှိနှိုင်းနေပါတယ်”ဟု ပြောသည်။