ပေါက်ကြားခဲ့သည့် အာဆီယံ ဥက္ကဋ္ဌ ကြေငြာချက်မူကြမ်းကို ပြန်လည် ပြင်ဆင်တော့မည် မဟုတ်ဟု အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက နိုဝင်ဘာ ရ ရက်တွင် မဇ္စျိမကို ပြောသည်။
အာဆီယံ ဥက္ကဋ္ဌ ကြေငြာချက်မူကြမ်းကို အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ အဖွဲ့ဝင်နိုင်ငံများ သို့ ဖြန့်ဝေထားခြင်းဖြစ်သည်။
"မူကြမ်းဆိုတဲ့သဘောအရ အားလုံးဆွေးနွေးပြီး ဥက္ကဋ္ဌ အတည်ပြုပြီးမှ နောက်ဆုံးထုတ်ပြန်တာပါ။ အဲဒီအတွက် ပြန်ပြင် မှာ မဟုတ်ပါဘူး၊ အစည်းအဝေးကျရင် အဲဒီကိစ္စကိုလည်း ဥက္ကဋ္ဌက ပြောပါလိမ့်မယ်"ဟု ဦးအောင်လင်းက ပြောသည်။
ပေါက်ကြားခဲ့သည် မူကြမ်းတွင် တောင်တရုတ် ပင်လယ်တွင်း ပါ၀င်ပတ်သက်သည့် နိုင်ငံများအကြား လိုက်နာရမည့် စည်းမျဉ်းများ ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရှိရေးအပြင် အဖွဲ့ဝင်များက တောင်းဆိုထားသည့် ကုလ စည်းမျဉ်းဖောက်ဖျက်ကာ ဒုံးပျံပစ်လွှတ်သည့် မြောက်ကိုရီးယားကို အပြစ်တင်ပြီး အစ္စလာမ်မစ် စစ်သွေးကြွများကို ပြစ်တင်ရှုတ်ချထားသည်။
ပေါက်ကြားခဲ့သည့် မူကြမ်းပါ တောင်တရုတ်ပင်လယ်အရေးသည် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူစဉ် အတွင်း လေးကြိမ်မြောက် ထုတ်ပြန်ခြင်းလည်းဖြစ်သည်။
၂၅ကြိမ်မြောက် အာဆီယံထပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၂ရက်နှင့် ၁၃ရက်၌ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း စင်တာတွင် ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာ ၁၂ရက် ပထမနေ့တွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ များ ဖြစ်သည့် အိန္ဒိယ၊ ဂျပန်၊ ကုလ တို့အပြင် မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့၏ အစည်းအဝေးများ ပြုလုပ်မည်ဖြစ်သည်။
နိုဝင်ဘာ ၁၃တွင် အရှေ့အာရှ အစည်းအဝေး (East Asia Meeting)၊ Asean –US, Asean –China, နှင့် Asean +3 (Japan, China, South Korea) အစည်းအဝေးတို့ကို ကျင်းပမည်ဖြစ်သည်။