ကျောက်တိုင် မြေသိမ်းခံမှုနှင့် သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက်ခံရသည့်အပေါ် အရေးယူရန်ဆန္ဒပြ

ကျောက်တိုင် မြေသိမ်းခံမှုနှင့် သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက်ခံရသည့်အပေါ် အရေးယူရန်ဆန္ဒပြ
by -
မဇ္စျိမ

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်ရှိ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းနေရာကို သိမ်းဆည်ထားခြင်းနှင့် သတင်းစာရှင်းလင်းပွဲတွင် လူတစ်စုက ဝင်ရောက်အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂ ရက်က ပဲခူးမြို့ပေါ်တွင် လူအင်အား ရ၀ ကျော်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု အင်းတကော်မှ ဦးဆောင်ဆန္ဒပြသူ ဦးတင်နိုင်ထွန်းက မဇ္စျိမကို ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းကို နိုဝင်ဘာလ ၂ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပဲခူးမြို့ ရွေဟင်္သာရုပ်ရှင်ရုံ မှ ရွှေသာလောင်း လမ်းမကြီး၊ မဟာစေတီ လမ်း၊ ရွှေကူလေးဘုရား လမ်း၊ သိပ္ပံ လမ်း၊ ဘုရင် လမ်း ၅ ရပ်ကွက်မှ ဗိုလ်ဗထူး လမ်းစုံအထိ ကြွေးကြော်သံများဖြင့် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုသည် အုပ်ချုပ်ရေးအာဏာပိုင်နှင့် ခရိုနီတို့ပူးပေါင်းပြီး ကျောက်တိုင်မြေနေ ရာ ရောင်းစားထားခြင်းကို မူလအတိုင်း ပြန်လည်ရရှိရေး၊ အောက်တိုဘာလ ၅ ရက်က ကျောက်တိုင်ကိစ္စနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် လူတစ်စုဝင်ရောက် အကြမ်းဖက်ခဲ့သဖြင့် လူ ၅ ဦးဒဏ်ရာရှိခဲ့၍ အကြမ်းဖက်သူများကို တရားဥပဒေအရ အရေးယူပေးရန် စသဖြင့် တောင်ဆို ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဦးတင်နိုင်ထွန်း “အာဏာရှိသူတွေက တရားခံကိုလည်း ဖမ်းဆီမှုမရှိဘူး၊ လွတ်လပ်ရေး ကျောက်တိုင် ကိစ္စနဲ့ပတ်သက််ပြီး ဘာမှကူညီမှု မရှိဘူး။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးနောက်ပိုင်းမှ အင်းတကော် အုပ်ချုပ်ရေးမှူးပိုင်မြေ အစိုးရ သီးသန့်မြေဆိုပြီး ကျောက်တိုင်ရှေ့မှာ စာကပ်ထားတယ်။ မဖြစ်သင့်တဲ့ အရာပဲ။ သူတို့မြေဖြစ်နိုင်လားဆိုတာ စဉ်းစားစရာပဲ” ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်  ဦးဟန်လင်းအောင်၊ ဦးတင်နိုင်အေး၊ ဦးသိန်းဆင့်၊ ဦနိုင်အောင်နှင့် ဦးလှမြင့်မင်းတို့ ခေါင်းကွဲဒဏ်ရာများ ရရှိခဲ့ကာ ယင်းဖြစ်ပွားမှုကြောင့် အောက်တိုဘာလ ၁၀ ရက်က ဌာနဆိုင်ရာ ၁၃ ခုသို့လည်းကောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် အဆိုပါဌာန ၁၃ ခုသို့ ထပ်မံ၍ တင်ပြတိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိဟု ၎င်းက ဆိုသည်။

တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးအောင်မြင့်က “ကျောက်တိုင်မြေက ပြည်သူပိုင် မြေဖြစ်တယ်။ အကြမ်းဖက် ရိုက်နှက်သူတွေ ဖော်ထုတ်အရေးယူပေးတာမရှိဘူး။ ကျောက်တိုင်ကိစ္စကိုလည်း စိစစ်ဆောင်ရွက်ပေးတာမရှိဘူးဆိုရင် လူထုဆန္ဒဖော်ထုတ်ပွဲတွေ ဆက်လက်လုပ်သွားမယ်။ ပဲခူးမှာ ဟံသာဝတီလေယာဉ်ကွင်း ဆောက်မယ်လို့ သတင်းကြားကထဲက မြေစျေးတွေတက်ပြီး အဲဒီနေရာကို အပိုင်းစီးပြီး ရောင်းထားတယ်လို့ သိရတယ်”ဟု ပြောသည်။

အဆိုပါကျောက်တိုင်မြေမှာ တစ်ဧကကျော်ရှိသော်လည်း လက်ရှိတွင် ဗိုလ်ချုပ်ကျောက်တိုင် မြေက ပေ ၂၀ လောက်သာ ကျန်ရှိကြောင်း မြေတစ်ဧကနီးပါးကို အာဏာပိုင်များမှ ရောင်းချထားရာ အဆိုပါနေရာတွင် Good Brother ကုမ္ပဏီမှ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဦးတင်နိုင်အေးက ဆိုသည်။ ရောင်းချထားခြင်းကို ၂၀၁၄ ခုနှစ်အတွင်းမှသာ သိရှိခဲ့ပြီး အဆိုပါ ကျောက်တိုင်ကွင်းမြေနေ ရာ ပြန်လည်ရရှိရေးအတွက် လူထုလက်မှတ် ရ၀၀ ရရှိထားသည်ဟု ဦးတင်နိုင်အေးက ဆိုသည်။