ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေသုံးစွဲရေး ဥပဒေကြမ်းတွင် စစ်ဆင်ရေးလုပ်ငန်းအတွက် ထပ်တိုးတောင်းငွေ ကျပ်သန်း ၁၀၀ ကို ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ငြိမ်းချမ်းရေးခေါင်းစဉ် (သို့မဟုတ်) လျှော့ချရန် လွှတ်တော်အမတ် ဒေါ်နန်းဝါနုက တောင်းဆိုလိုက်သည်။
ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် စစ်ဆင်ရေးလုပ်ငန်းအတွက် မူလလျာထားချက်သည် ကျပ်သန်းပေါင်း ၂၀၀ ဖြစ်ပြီး ထပ်မံတိုးတောင်းငွေသည် ကျပ်သန်းပေါင်း ၁၀၀ စုစုပေါင်း ကျပ်သန်း ၃၀၀ သုံးစွဲမည်ဟု ဖော်ပြထားသည်ဟု ဆိုသည်။
၎င်းက "မူလလျာထားချက် ကျပ်သန်းပေါင်း ၂၀၀ ထဲတွင် ပထမငါးလအတွက် အမှန်သုံးစွဲငွေသည် ၂၅ ဒသမ ၄၇ သန်းဖြစ်တဲ့ အတွက်ကြောင့် မူလလျာထားငွေ၏ ၁၃ ရာခိုင်နှုန်း၊ လေးပုံတစ်ပုံသာ သုံးစွဲထားကြောင်းတွေ့မြင်ရပါတယ်။ ကျန် ရ လအတွက် သုံးစွဲမည့်ငွေသည် ကျပ်သန်းပေါင်း ၂၇၄ ဒသမ ၅၂၇ သန်းဖြစ်လို့ မူလလျာထားငွေရဲ့ ၁၃၇ ရာခိုင်နှုန်းဖြစ်နေလို့ အလွန်များပြားနေပါတယ်’’ ဟု ဆိုသည်။
ဒေါ်နန်းဝါနုက ဥပဒေအရ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခွင့် မပြုဆိုသော်လည်း ယခုအချိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် စစ်ဆင်ရေးစရိတ်များကို ခေါင်းစဉ်လွှဲပြောင်း သုံးစွဲခြင်း၊ လျှော့ချခြင်းများ ပြုလုပ်ပေးသင့်ပါသည်ဟု ပြောကြားသည်။
အောက်တိုဘာ ၂၉ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား လွှတ်တော်အမတ် ၁၁ ဦးက ဆွေးနွေးခဲ့သည်။